PSM (News) ဇူလိုင် ၈၊ ၂၀၂၆ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ဆီးရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်နေစဉ်အတွင်း ဒမတ်စကက်မြို့ရှိ ၎င်းတည်းခိုသည့် Four Seasons ဟိုတယ်အနီးတွင် ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဘတ်ရှာ အယ်လ်-အာဆတ် ရာထူးမှ ဆင်းသွားပြီးနောက်ပိုင်း ဥရောပသမဂ္ဂ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး ဆီးရီးယားခရီးစဉ်အတွင်း ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သမ္မတ မက်ခရွန်၏ ယာဉ်တန်းသည် ဗုံးမပေါက်ကွဲမီ အနည်းငယ်အလိုတွင် ဟိုတယ်မှ ထွက်ခွာသွားခဲ့ပြီး ၎င်းအနေဖြင့် ပေါက်ကွဲသံကို မကြားလိုက်ရကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ဆီးရီးယားသမ္မတ အဟ်မဒ် အယ်လ်-ရှာရာနှင့် သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးမှုများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဆီးရီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါဗုံးများသည် ခရီးသွားလာရေး ဝန်ကြီးဌာနအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ကို ရှင်းလင်းရန် ပြင်ဆင်နေစဉ်အတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သမ္မတ မက်ခရွန်က ၎င်း၏ ခရီးစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ “ဆီးရီးယားပြည်သူတွေရဲ့ လုံခြုံပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံမှာ နေထိုင်လိုတဲ့ ဆန္ဒကို ဘာနဲ့မှ မတားဆီးနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။ ပြင်သစ်နိုင်ငံသည် ဆီးရီးယား၏ စီးပွားရေးနှင့် ဘဏ်လုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် ကူညီရန် အဆင်သင့်ရှိနေကြောင်းနှင့် ကွယ်လွန်သူ ရီဖတ် အယ်လ်-အာဆတ် ထံမှ သိမ်းဆည်းထားသော ပိုင်ဆိုင်မှု ယူရို ၅၁ သန်း (အမေရိကန်ဒေါ်လာ ၅၈.၃ သန်း) ကို ဆီးရီးယားသို့ ပြန်လည်ပေးအပ်ရန် လုပ်ငန်းစဉ်များ စတင်တော့မည်ဖြစ်ကြောင်း အဲလီဇေးနန်းတော်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွက် မည်သူကမျှ တာဝန်ယူကြောင်း ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးပေ။ လွန်ခဲ့သည့် တစ်ပတ်ကလည်း ဒမတ်စကက်မြို့ရှိ ကော်ဖီဆိုင်တစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ကိုးကား -Reuters Post navigation ဘယ်လ်ဂျီယမ်အသင်း အမေရိကန်အသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်း မဲလ်ဘုန်းမြို့ရှိ တံတားတာဝါတိုင်ကို တက်ရောက်ပြီး ရုပ်ပြဇာတ်ကောင် ပုံဖော်ခဲ့သည့် အနုပညာရှင်အား ရဲတပ်ဖွဲ့ ဖမ်းဆီး