PSM(NEWS)

ဇွန် ၈၊၂၀၂၆

စပိန်နိုင်ငံ၊မက်ဒရစ် မြို့ရှိ အဓိကရင်ပြင်တစ်ခုအနီးတွင် တနင်္ဂနွေနေ့က လူပေါင်းတစ်သန်းကျော် စုဝေးခဲ့ကြပြီး ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ပြင်ပတရားတော်ဟောကြားခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ၎င်းသည် စပိန်နိုင်ငံသို့ တစ်ပတ်ကြာ ခရီးလှည့်လည်မည့် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အတွင်း အကြီးမားဆုံးသော ပွဲတော်ဖြစ်ဖွယ်ရှိပြီး၊ ထိုပွဲတွင် ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်သည် လူ့အဖွဲ့အစည်း၏ ဆင်းရဲနွမ်းပါးသူများနှင့် စွန့်ပစ်ခံထားရသူများဘက်တွင် ရှိနေကြောင်း မိန့်ကြားခဲ့သည်။

Cibeles ရင်ပြင်အနီးရှိ အတားအဆီးများတစ်လျှောက်တွင် လူအုပ်ကြီးက ပုပ်ရဟန်းမင်းကြီးကို စောင့်မျှော်နေကြပြီး အလံများကို ဝှေ့ယမ်းလျက် “ပုပ်ရဟန်းမင်းကြီး သက်တော်ရာကျော်ပါစေ” ဟု ကြွေးကြော်ခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ၎င်း၏ Popemobile ယာဉ်ဖြင့် ရင်ပြင်သို့ ရောက်ရှိလာချိန်တွင် လူအချို့က ပန်းပွင့်ဖတ်များကို ပက်ဖျန်းကြိုဆိုခဲ့ကြသည်။

ဗာတီကန်နှင့် ဒေသခံစီစဉ်သူများ၏ အဆိုအရ ရင်ပြင်နှင့် ပတ်ဝန်းကျင်လမ်းမများတွင် လူပေါင်း ၁.၂ သန်းခန့် ရှိနေကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးက တရားတော်ဟောကြားရာတွင် လူအုပ်ကြီးကို မိမိတို့၏ ကက်သလစ်ယုံကြည်ခြင်းကို သူတစ်ပါးအား ကူညီခြင်းဖြင့် လက်တွေ့ပြသကြရန် တိုက်တွန်းခဲ့သည်။ “ဘုရားသခင်သည် ဆင်းရဲနွမ်းပါးသူများ၊ ဖိနှိပ်ခံရသူများ၊ တစ်ကိုယ်တည်း ကျန်ရစ်သူများနှင့် အားကိုးရာမဲ့သူများ၏ ဘက်တွင် ရှိနေသည်” ဟု သူက မိန့်ကြားသည်။

ထို့အပြင် မြို့တော်ဝန်ထံမှ မြို့တော်၏သော့ကို လက်ခံရယူစဉ် ဧည့်သည်တော်မှတ်တမ်းတွင် မက်ဒရစ် မြို့သည် “လူတိုင်းကို ဖော်ရွေပြီး အားလုံးပါဝင်နိုင်သည့် မြို့တော်အဖြစ် ဆက်လက်တည်ရှိနေစေရန်” ဆန္ဒပြုကြောင်း ရေးသားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် စနေနေ့ကပင် ခရီးစဉ်ကို စတင်ခဲ့ပြီး ရွှေ့ပြောင်းအခြေချသူများ၊ အိုးမဲ့အိမ်မဲ့များနှင့် တွေ့ဆုံခဲ့သလို၊ လူငယ်ပေါင်း ၆၀၀,၀၀၀ ခန့်နှင့်အတူ ဆုတောင်းပွဲ ကျင်းပခဲ့သည်။ ဇွန်လ ၆ ရက်မှ ၁၂ ရက်အထိ ကြာမြင့်မည့် သူ၏ခရီးစဉ်တွင် ဘာစီလိုနာနှင့် ကနေရီ ကျွန်းစုများသို့လည်း သွားရောက်မည်ဖြစ်ပြီး၊ ထိုနေရာများတွင် အနောက်အာဖရိကမှ အသက်စွန့်ခရီးနှင်လာကြသည့် ရွှေ့ပြောင်းအခြေချသူများနှင့် တွေ့ဆုံမည်ဖြစ်သည်။

အီတလီနိုင်ငံပြင်ပရှိ ဥရောပသမဂ္ဂနိုင်ငံတစ်ခုသို့ သူ၏ ပထမဆုံးခရီးစဉ်သည် “လူသားတိုင်း” ကို လေးစားမှုရှိရန် ကမ္ဘာကြီးအတွက် စံနမူနာဖြစ်စေမည်ဟု မျှော်လင့်ကြောင်းနှင့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ပြည်သူများကို သွေးခွဲခြင်းများ ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

“သူက ကျွန်မတို့လို ရွှေ့ပြောင်းအခြေချသူတွေနဲ့ ကျွန်မတို့ရဲ့ လုံခြုံရေးအတွက် ဆုတောင်းပေးနေလို့ အရမ်းဝမ်းသာပါတယ်” ဟု ခြောက်လအကြာကမှ စပိန်နိုင်ငံသို့ ရောက်ရှိလာသည့် အသက် ၇၂ နှစ်အရွယ် ပီရူးနိုင်ငံသူ အန်ဒရီယာ မာဂရီတာက ပြောကြားခဲ့သည်။

တရားတော်ဟောကြားပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် မွန်းလွဲပိုင်းတွင် ၎င်း၏ Augustinian ဘာသာရေးအဖွဲ့ဝင်များနှင့် သီးသန့်တွေ့ဆုံရန် စီစဉ်ထားပြီး၊ နောက်ပိုင်းတွင် မက်ဒရစ် မြို့လယ်ရှိ ဖျော်ဖြေရေးနေရာတစ်ခု၌ ဖျော်ဖြေရေး၊ အားကစားနှင့် ယဉ်ကျေးမှုနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ကိုးကား -Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed