PSM (NEWS) ဇွန် ၈၊ ၂၀၂၆ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအား တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီးနောက် (၁၄) ပတ်အကြာတွင် အမေရိကန်စစ်တပ်သည် စစ်ပွဲအပြည့်အဝ မဟုတ်သော်လည်း ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသည့် ထူးခြားသော ပဋိပက္ခအခြေအနေတစ်ခုနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းနေရသည်။ အရှေ့အလယ်ပိုင်းရှိ သင်္ဘောများနှင့် စစ်စခန်းများတွင် အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရန်နှင့် ရက်အနည်းငယ်ခြားတိုင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားမှ တာဝန်ထမ်းဆောင်နေရပြီး အမေရိကန်ရေတပ်သည် အီရန်နိုင်ငံ၏ ဆိပ်ကမ်းများကို ပိတ်ဆို့ထားသည်။ အမေရိကန်ပြည်တွင်း၌မူ ပင်တဂွန်စစ်ဌာနချုပ်သည် ကုန်ခမ်းသွားသော လက်နက်ခဲယမ်းများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန် ရုန်းကန်နေရပြီး တပ်ဖွဲ့ဝင်များ၏ မိသားစုများသည်လည်း တာဝန်ထမ်းဆောင်ချိန် သက်တမ်းတိုးမြင့်ခြင်းကြောင့် စိတ်ဖိစီးမှုများကို ခံစားနေရသည်။ အီရန်နိုင်ငံသည် သောကြာနေ့က ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဘာရိန်းနှင့် ကူဝိတ်ကဲ့သို့သော ဒေသတွင်း မဟာမိတ်နိုင်ငံများကို ဆက်လက် တိုက်ခိုက်နေသည်။ သမ္မတ ထရမ့်က ဧပြီလတွင် အီရန်နိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း စစ်ပွဲမှာမူ အဖြေမထွက်ဘဲ တုံ့ဆိုင်းနေဆဲ ဖြစ်သည်။ အီရန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားဆဲဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပျက်ပြားပါက အီရန်ကို အပြည့်အဝ ပြန်လည်ဗုံးကြဲတိုက်ခိုက်မည်ဟု ထရမ့်က ခြိမ်းခြောက်ထားသည်။ အမေရိကန်စစ်တပ်၏ အလယ်ပိုင်းစစ်ဌာနချုပ်၏ တပ်မှူးဟောင်း ဂျိုးဆက်ဗိုတယ် က လက်ရှိ ပဋိပက္ခအခြေအနေကို “အလွန်အန္တရာယ်များသော ကာလ” ဟု ခေါ်ဆိုခဲ့သည်။ အီရန်ဒရုန်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်သက်သာလာသူ အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီး ကော်ရီ ဟစ်ခ်စ် က “ဒါကအလွန်စိုးရိမ်စရာကောင်းပြီး ခက်ခဲတဲ့ စစ်ဆင်ရေးတစ်ခုပါပဲ” ဟု ပြောကြားသည်။ အသက် ၃၇ နှစ်အရွယ် ဟစ်ခ်စ်သည် ထိုတိုက်ခိုက်မှုကြောင့် နှလုံးခုန်ရပ်သွားခဲ့ပြီး ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။ အမေရိကန်စစ်တပ်၏ အဆိုအရ ပဋိပက္ခအတွင်း တပ်ဖွဲ့ဝင် ၄၀၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ၉၀ ရာခိုင်နှုန်းကျော်သည် တာဝန်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ စစ်ပွဲအတွင်း တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့သည်။ ကယ်လီဖိုးနီးယားမှ စစ်သည်တစ်ဦး၏ မိခင်ဖြစ်သူ ယာဒီရာ ဒက်ဆိန်က “အခြေအနေအမှန်ကို မသိရတာက တကယ်ကို ကြောက်ဖို့ကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။ မေလက ပြုလုပ်ခဲ့သော Reuters/Ipsos လူထုသဘောထား စစ်တမ်းတွင်လည်း အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုမှာ တန်ဖိုးရှိသည်ဟု ထင်မြင်သူမှာ ၄ ဦးလျှင် ၁ ဦးသာ ရှိခဲ့သည်။ ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အမေရိကန်နှင့် အီရန်တို့ ဆွေးနွေးနေသော်လည်း၊ အီရန်၏ နျူကလီးယား အစီအစဉ်ကဲ့သို့သော ရှုပ်ထွေးသည့် ကိစ္စရပ်များကြောင့် အပစ်အခတ်ရပ်စဲရေးကာလ ဆက်လက်ရှည်ကြာသွားနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ပင်တဂွန်စစ်ဌာနချုပ်မှ ဝန်ကြီး ပီတီ ဟက်ဂ်ဆက်က အမေရိကန်၏ ဒုံးကျည်နှင့် ကြားဖြတ်လက်နက်များ လက်ကျန် ပြန်လည်ဖြည့်တင်းရန် နှစ်နှင့်ချီ ကြာမြင့်နိုင်ကြောင်း သတိပေးခဲ့သည်။ ကိုးကား-Reuters Post navigation မက်ဒရစ် မြို့၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) တရားတော်ဟောကြား၊ ဆင်းရဲနွမ်းပါးသူများနှင့်အတူ ဘုရားသခင်ရှိနေကြောင်း မိန့်ကြား အာမေးနီးယားနိုင်ငံတွင် ပါလီမန်ရွေးကောက်ပွဲ ကျင်းပ၊ ငြိမ်းချမ်းရေးနှင့် ရုရှားနိုင်ငံအပေါ်ထားရှိသည့် မူဝါဒများ အဓိကအာရုံစိုက်ခံရ