PSM (NEWS)

ဇွန် ၇၊ ၂၀၂၆

အီရန်နိုင်ငံတွင် ဒုံးကျည်လက်ကျန်မှာ ၂၁ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

အီရန်သည် အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ်ချိုးဖောက်လျက် ဒေသတွင်းသို့ ဒုံးကျည်များစွာ ပစ်ခတ်ခဲ့ပြီးနောက် သမ္မတထရမ့်က NBC သတင်းဌာနနှင့် အင်တာဗျူးတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“သူတို့မှာ စွမ်းဆောင်ရည်ရှိနေပါသေးတယ်။ ဒုံးကျည်တွေ၊ ဒရုန်းတွေ ရှိနေသေးတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောရရင်တော့ ၂၁၊ ၂၂ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့မှာပါ” ဟု ၎င်းက ဆိုသည်။ ဤခန့်မှန်းချက်သည် မေလအတွင်းက ပြောကြားခဲ့သည့် ၁၈ ရာခိုင်နှုန်းထက် ပိုမိုများပြားနေသော်လည်း၊ အီရန်၏ စစ်ရေးစွမ်းဆောင်ရည်ကို အလုံးစုံဖျက်ဆီးနိုင်ခဲ့ကြောင်း သမ္မတထရမ့်က အခိုင်အမာ ပြောကြားလေ့ရှိသည်။

တစ်ဖက်တွင်လည်း အီရန်စစ်တပ်က သောကြာနေ့တွင် အိုမန်ပင်လယ်ကွေ့၌ အမေရိကန်ဖျက်သင်္ဘောနှစ်စင်းကို “သတိပေး ဒုံးကျည်များ” ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း အမေရိကန်စစ်တပ်ကမူ ယင်းသတင်းကို ချက်ချင်းငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ကူဝိတ်နိုင်ငံသည် ၎င်းတို့အပေါ် ပစ်ခတ်သည့် ပဲ့ထိန်းဒုံးကျည် (ballistic missiles) အစင်း ၃၀ ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ပွဲကို အဆုံးသတ်နိုင်မည့် သဘောတူညီချက်တစ်ခု ရရှိရန်အတွက် ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများဖြင့် ပြည့်နှက်နေသည့် ဆွေးနွေးပွဲများမှာ ရက်သတ္တပတ်များစွာကြာအောင် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရရှိသေးပေ။

သို့သော်လည်း အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု ရရှိရေးမှလွဲ၍ အခြားရွေးချယ်စရာမရှိကြောင်း သမ္မတထရမ့်က မှတ်ချက်ပြုပြောဆိုခဲ့သည်။

ကိုးကား-AFP

By Htet Ko

You missed