PSM (News)

မေ ၈ ၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်သည့် ဖာပွန် (မူတြော်) ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကာလတန်ဖိုး ဘတ် ၄၉၆ သန်းကျော်ရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့မေ ၇ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားနယ်စပ်လုံခြုံရေးတပ်ဖွဲ့များသည် ယမန်နှစ် ၂၀၂၅ ၊ ဒီဇင်ဘာ ၁၈ ရက်နေ့က သံလွင်မြစ်တစ်လျှောက် နယ်စပ်လုံခြုံရေး စောင့်ကြည့်စစ်ဆေးနေစဉ် သံသယရှိသည့် လှေတစ်စီးကို စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါမူးယစ်ဆေးဝါးများကို စက်သုံးဆီပုံးများအတွင်း ထည့်သွင်းကာ ဆီပုံးများအသွင်ယူ၍ သယ်ဆောင်လာခြင်းဖြစ်ပြီး သယ်ဆောင်လာသူ နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။

“သံလွင်မြစ်လို နယ်စပ်နဲ့ ဆက်စပ်တဲ့ ဒေသတွေမှာ မူးယစ်ဆေးဝါး သယ်ယူမှုတွေ မကြာခဏ ရှိတတ်လို့ စစ်ဆေးမှုတွေ တိုးမြှင့်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း သံသယဖြစ်ဖွယ်တွေ့ရင် အကြောင်းကြားပေးကြဖို့ တိုက်တွန်းပါတယ်” ဟု ဖာပွန်ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် စိတ်ကြွဆေးပြား စုစုပေါင်း အလုံးရေ ၉ ဒသမ ၉ သန်းကျော် (၉,၉၃၀,၀၀၀ လုံး) ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါမူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ ထိုင်းဘတ်ငွေ ၄၉၆ သန်းကျော် ရှိနိုင်သည်ဟု ခန့်မှန်းကြောင်း KNU က ဆိုထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ကော်သူးလေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မီးရှို့ခြင်းမပြုမီ ထိုင်းတာဝန်ရှိသူများကပါ စစ်ဆေးအတည်ပြုခဲ့ကြသည်။

အခမ်းအနားသို့ ဖာပွန်ခရိုင် တာဝန်ရှိသူများ၊ KNDO၊ KNLA၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)၊ KWO နှင့် ထိုင်းနယ်စပ်ရေးရာ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ဖမ်းဆီးရမိသည့် တရားမဝင်ရောင်းချသူများကိုလည်း ကရင်အမျိုးသားရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-KNU

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *