PSM(News)

မေ ၇၊၂၀၂၆

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စခန်းသိမ်းတိုက်ပွဲများမှ ထွက် ပြေးသွားသော အာဏာသိမ်းစစ်အုပ်စု၏ စစ်ကူစစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံချေမှုန်းခဲ့ရာ တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။

ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲအပြီးတွင် ထွက်ပြေးသွားသော စစ်သားများကို လိုက်လံ ချေမှုန်းရာ ခုနစ် ဦး သေဆုံးပြီး ၁၈ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ ဖမ်းဆီးရမိသူများထဲတွင် ဒု-တပ်ရင်းမှူး အောင်ဇော်မိုး ပါဝင်ပြီး ၎င်းတို့ကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆေးဝါးကုသမှုပေးကာ စနစ်တကျ ထိန်းသိမ်းထားကြောင်း သိရသည်။

၎င်းတို့ထံမှ MA စီးရီး လက်နက်မျိုးစုံ ၂၀ လက်နှင့် ၈၁ မမ ဗုံးသီးများ အပါအဝင် ခဲယမ်းအမြောက် အမြား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဝင်းတာပန်နှင့် လေးကေစခန်းများ မကျစေရန် ပိန္နဲတောဗျူဟာစခန်းမှ စစ်ကြောင်းထိုးလာသည့် ခလရ-၈ နှင့် ခမရ-၂ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက် ၂၂ လက်၊ Drone Gun တစ်လက်နှင့် စစ်သုံ့ပန်း ခြောက် ဦး ထပ်မံဖမ်းဆီးရမိခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုသည် ဝင်းတာပန်နှင့် ကျောက်ဖျာကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးနှင့် စက်တပ်လေထီးများအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ဗုံးကြဲနေသည့် စက်တပ်လေထီးတစ်စီးကို တော်လှန် ရေးတပ်များက ပစ်ချနိုင်ခဲ့ပြီး မေလ ၄ ရက်နေ့တွင် စစ်တပ်၏ Air Drop မှ ကျဆင်းလာသော ၁၂၂ မမ ဗုံးသီးနှင့် ကျည်ဆန် ၁၈,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စစ်ဆင်ရေးများကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ KNLA၊ KNDO၊ ပကဖ နှင့် ဒေသ အခြေပြုကာကွယ်ရေးတပ်ဖွဲ့ (LDFs) များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

By Htet Ko

You missed