PSM (News) မေ ၈ ၊ ၂၀၂၆ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပီတာဘား(Peter Bar) ပိုင်ရှင်က အသက် (၁၆) နှစ်အရွယ် အမျိုး သမီးငယ်တစ်ဦးအား ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး တရားမျှတမှု ဖော်ဆောင်ပေးရန် မေ ၇ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။ ညောင်ရွှေမြို့နယ်၊ အင်းလေးမင်းချောင်းလယ်ရွာမှ အသက် (၁၆) နှစ်အရွယ် မဖူးပွင့်ဝေ (အဋ္ဌမတန်းကျောင်းသူ) သည် ပီတာဘား တွင် လုပ်ကိုင်နေစဉ် ဧည့်သည်ပေးသည့် မုန့်ဖိုးအား ပြန်မပြောမိသည်ကို အကြောင်းပြု၍ ဆိုင်ပိုင်ရှင် အောင်မျိုးမင်း (ခ) ပီတာ၏ လူမဆန်စွာ ရိုက်နှက်ကန်ကျောက်ခြင်းကို ခံခဲ့ရသည်။ မဖူးပွင့်ဝေသည် မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်များတွင် ညိုမဲစွဲဒဏ်ရာများဖြင့် သေဆုံးခဲ့ရသော်လည်း တရားခံ၏ ဇနီးဖြစ်သူက “နေမကောင်း၍ သေဆုံးသည်” ဟု အကြောင်းပြကာ အမှန်တရားကို ဖုံးကွယ်၍ နာရေးပြုလုပ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများမှာ သိသာထင်ရှားနေသဖြင့် ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရာမှ ရိုက်နှက်ခံရ၍ သေဆုံးခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ကျူးလွန်သူ အောင်မျိုးမင်း (ခ) ပီတာသည် လူကုံထံ အသိုင်းအဝိုင်းများ၊ အာဏာသိမ်းစစ်အုပ်စု၏ အာဏာပိုင်အဖွဲ့အစည်းများနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦး ဖြစ်ပြီး လက်ရှိ တရားဥပဒေစိုးမိုးရေး ယိုယွင်းနေသည့် အခြေအနေတွင် “ငွေရှိလျှင် တရားနိုင်” ဆိုသည့် လမ်းစဉ်အတိုင်း တရားမျှတမှု ပျောက်ဆုံးသွားမည်ကို အထူးစိုးရိမ်ရကြောင်း IWU က ထုတ်ပြန်ထားသည်။ ထို့ကြောင့် မဖူးပွင့်ဝေအတွက် တရားမျှတမှုရရှိရန် အင်းလေးဒေသခံ လူထုနှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ လူထုအခြေပြုအစုအဖွဲ့များအနေဖြင့် ဝိုင်းဝန်းအသံထုတ်ဖော်ပေးကြရန် IWU က လေးနက်စွာ မေတ္တာရပ်ခံထားသည်။ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) အနေဖြင့် မဖူးပွင့်ဝေအတွက် မှန်ကန်သော တရားစီရင်မှု ပေါ်ပေါက်လာစေရန် အဆုံးတိုင် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ တရားခံဖြစ်သူမှာ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဆိုင်ကယ်ဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ မေ ၆ ရက်နေ့ ညနေပိုင်းတွင် တုံတာနယ်မြေရဲစခန်း၌ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation ဖာပွန်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့သည့် ဘတ်သန်း ၄၉၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို KNU မီးရှို့ဖျက်ဆီး လောင်းလုံးမြို့မရဲစခန်းနှင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်