PSM (NEWS) မေ ၈ ၊၂၀၂၆ ဆီးရီးယားနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခုနစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဩစတေးလျနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အစ္စလာမ်မစ်နိုင်ငံတော် (ISIS) အစွန်းရောက်အုပ်စုနှင့် ဆက်နွှယ်သူ အမျိုးသမီးနှစ်ဦးကို လူကုန်ကူးကျွန်ပြုမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း ဩစတေးလျ ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ အသက် ၅၃ နှစ်နှင့် ၃၁ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးနှစ်ဦးသည် ဆီးရီးယားရှိ ၎င်းတို့၏နေအိမ်များတွင် အမျိုးသမီးတစ်ဦးကို ကျွန်အဖြစ် ဖမ်းဆီးခိုင်းစေခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် တရားရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းပြစ်မှုသည် အမြင့်ဆုံးထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်ခံရနိုင်ပြီး ၎င်းတို့ကို ကြာသပတေးနေ့က မဲလ်ဘုန်း လေဆိပ်သို့ အရောက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဩစတေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန လက်ထောက်ရဲမင်းကြီး စတီဖင် နတ် က “ဒါဟာ အလွန်လေးနက်တဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံထားတဲ့ လက်ရှိစုံစမ်းစစ်ဆေးနေဆဲ အမှုဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသမီးနှစ်ဦးသည် ၂၀၁၄ ခုနှစ်တွင် ၎င်းတို့၏ မိသားစုများနှင့်အတူ ဆီးရီးယားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သီးခြားဖြစ်စဉ်တစ်ခုအနေဖြင့် အသက် ၃၂ နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးကိုလည်း ISIS အဖွဲ့သို့ ဝင်ရောက်ခဲ့မှု အပါအဝင် အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများဖြင့် ဆစ်ဒနီ လေဆိပ်တွင် ဖမ်းဆီးခဲ့သည်။ သူမသည် ၂၀၁၅ ခုနှစ်တွင် ISIS သို့ ဝင်ရောက်သွားသော သူမ၏ခင်ပွန်းနောက်သို့ လိုက်ပါရန် ဆီးရီးယားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အစိုးရက အမျိုးသမီး ၄ ဦးနှင့် ကလေး ၉ ဦးတို့သည် တရားဝင်အကူအညီမပါဘဲ ဆီးရီးယားစခန်းများမှ ဩစတေးလျသို့ ပြန်လာရန် စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ရိုက်တာသတင်းဌာနအနေဖြင့် အဆိုပါအမျိုးသမီးများနှင့် ၎င်းတို့၏ ရှေ့နေများကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။ အဆိုပါ အမျိုးသမီးများနှင့် ကလေးငယ်များ ပြန်လည်ရောက်ရှိလာမှုသည် အာဏာရ ဗဟိုလက်ဝဲယိမ်း အစိုးရအပေါ် ဖိအားများ ဖြစ်ပေါ်စေခဲ့သည်။ လက်ရှိတွင် အဲလ်ရော့ဂျ် စခန်း၌ ဩစတေးလျနိုင်ငံသား ၂၁ ဦးခန့် ကျန်ရှိနေသေးကြောင်း သိရသည်။ ကိုးကား-Reuters Post navigation ထိုင်ဝမ်၏ ပထမဆုံး ပြည်တွင်းထုတ် ရေငုပ်သင်္ဘော နာဝါးလ် တော်ပီဒို စမ်းသပ်ပစ်ခတ်မှု အောင်မြင် အီရန်-အမေရိကန် ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် အီရန်၏ တုံ့ပြန်မှုနှင့် ဒေသတွင်း အခြေအနေ