PSM(NEWS)

မေ ၈၊ ၂၀၂၆

ထိုင်ဝမ်နိုင်ငံသည် ၎င်း၏ပထမဆုံး ပြည်တွင်းထုတ် ရေငုပ်သင်္ဘောအတွက် တော်ပီဒိုပစ်ခတ်မှု စမ်းသပ်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သည်။

ဤသည်မှာ တရုတ်ရေတပ်ကို ဟန့်တားရန်နှင့် စစ်မက်ဖြစ်ပွားလာပါက အရေးပါသော ရေကြောင်းလမ်းများကို ကာကွယ်ရန် ရည်ရွယ်သည့် စီမံကိန်းအတွက် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်သည်။

ထိုင်ဝမ်၏ ပထမဆုံး ပြည်တွင်းထုတ် ရေငုပ်သင်္ဘော နာဝါးလ်သည် မေလ ၆ ရက် (ဗုဒ္ဓဟူးနေ့) က ၎င်း၏ ပထမဆုံး တော်ပီဒိုစမ်းသပ်ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ကြောင်း သင်္ဘောတည်ဆောက်ရေးကို ဦးဆောင်နေသည့် CSBC Corp က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုစမ်းသပ်မှုသည် သင်္ဘော၏ တိုက်ပွဲဝင်စနစ် (Combat System) ဖြစ်သည့် ပစ်မှတ်ရှာဖွေခြင်း၊ ခြေရာခံခြင်း၊ ပစ်ခတ်မှုထိန်းချုပ်ခြင်းနှင့် တော်ပီဒိုလမ်းညွှန်မှုစနစ်များကို အောင်မြင်စွာ စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်အပါအဝင် နိုင်ငံအများအပြား၏ နည်းပညာအကူအညီကို ရယူထားပြီး၊ Lockheed Martin ၏ တိုက်ပွဲဝင်စနစ်နှင့် အမေရိကန်လုပ် Mark 48 အမျိုးအစား တော်ပီဒိုများကို တပ်ဆင်အသုံးပြုမည်ဖြစ်သည်။

ထိုင်ဝမ်သည် ၂၀၂၇ ခုနှစ်တွင် ယခုကဲ့သို့ ပြည်တွင်းထုတ် ရေငုပ်သင်္ဘော အနည်းဆုံး (၂) စီးကို စတင်တာဝန်ထမ်းဆောင်နိုင်ရန် မျှော်မှန်းထားပြီး၊ နောင်ထုတ်လုပ်မည့် ပုံစံသစ်များတွင် ဒုံးကျည်များပါ တပ်ဆင်နိုင်ရန် စီစဉ်နေသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာဆိုထားပြီး နေ့စဉ်နှင့်အမျှ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေချိန်တွင် ထိုင်ဝမ်က ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ခေတ်မီအောင် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထိုင်ဝမ်ရေတပ်တွင် ယခင်က ၁၉၈၀ ပြည့်လွန်နှစ်များက နယ်သာလန်နိုင်ငံမှ ဝယ်ယူထားသည့် ရေငုပ်သင်္ဘော (၂) စီးသာ ရှိခဲ့ရာမှ ယခုအခါ ပြည်တွင်းထုတ် နာဝါးလ်သင်္ဘောက အင်အားဖြည့်တင်းပေးမည် ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *