PSM(NEWS) မေ ၈၊၂၀၂၆ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ခေါင်းဆောင်များသည် ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော သေဆုံးမှုများရှိသည့် နယ်စပ်တိုက်ပွဲများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်၊ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ကြာသပတေးနေ့တွင် သဘောတူညီခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံ၊ စီဗူးကျွန်း၌ ကျင်းပသည့်အာဆီယံအစည်းအဝေးများအတွင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၏ စီစဉ်ပေးမှုဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ်တို့လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား ၅၀၈ မိုင် (၈၁၇ ကီလိုမီတာ) ရှည်လျားသည့် နယ်စပ်တစ်လျှောက်တွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် ဒီဇင်ဘာလများ၌ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်များဖြင့် ပစ်ခတ်မှုများအထိ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများကြောင့် လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့ပြီး အရပ်သား ၃၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနှင့် ပူးတွဲလုပ်ဆောင်နေသည့် ၂၅ နှစ်သက်တမ်းရှိ ပင်လယ်ပြင် စွမ်းအင်ရှာဖွေရေး သဘောတူညီချက်ကို တစ်ဖက်သတ် ရပ်စဲလိုက်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုတင်းမာနေချိန်တွင် ယခုတွေ့ဆုံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် အနုတင်က “ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ပဋိပက္ခတွေကို ရှောင်ရှားတာ အကောင်းဆုံးပါပဲ၊ ဒါဟာ ဆုံးရှုံးမှုနဲ့ နာကျင်မှုတွေကိုပဲ ဆောင်ကြဉ်းပေးပါတယ်။ အခုဟာ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ အတူတူ လျှောက်လှမ်းရမယ့် အချိန်ပါ” ဟု ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကလည်း တင်းမာမှုလျှော့ချရေးနှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်းနှင့် နှစ်နိုင်ငံခြားရေးဝန်ကြီးများအဆင့်တွင် ရလဒ်ကောင်းများ ထွက်ပေါ်လာသည်အထိ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ ဖိလစ်ပိုင်သမ္မတ မားကို့စ်က နှစ်ဖက်စလုံးသည် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်နှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation စစ်အုပ်ချုပ်ရေးကြေညာမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဟန်ဒပ်ဆူကို အယူခံတရားရုံးက ထောင်ဒဏ် (၁၅) နှစ်သို့ လျှော့ပေါ့ပြစ်ဒဏ်ချမှတ် ထိုင်ဝမ်၏ ပထမဆုံး ပြည်တွင်းထုတ် ရေငုပ်သင်္ဘော နာဝါးလ် တော်ပီဒို စမ်းသပ်ပစ်ခတ်မှု အောင်မြင်