PSM(NEWS) မေ ၈၊၂၀၂၆ တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း သမ္မတဟောင်း ယွန်းဆော့ယော၏ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဟန်ဒပ်ဆူအား အယူခံတရားရုံးက မူလချမှတ်ထားသော ထောင်ဒဏ် (၂၃) နှစ်အစား ထောင်ဒဏ် (၁၅) နှစ်သို့ လျှော့ပေါ့၍ ကြာသပတေးနေ့တွင် အမိန့်ချမှတ်လိုက်သည်။ သမ္မတဟောင်း ယွန်းဆော့ယော၏ စစ်အုပ်ချုပ်ရေး ထုတ်ပြန်နိုင်ရန်အတွက် ဟန်ဒပ်ဆူသည် အဓိကကျသော လုပ်ဆောင်ချက်များဖြင့် ကူညီပေးခဲ့ကြောင်းနှင့် အဆိုပါလုပ်ရပ်ကို တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း အောက်ခြေတရားရုံး၏ ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက အတည်ပြုခဲ့ခြင်းဖြစ်သည်။ အသက် (၇၆) နှစ်အရွယ်ရှိ ဟန်ဒပ်ဆူသည် စစ်အုပ်ချုပ်ရေးအတွက် လိုအပ်သော ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရန် အစိုးရအဖွဲ့အစည်းအဝေးကို ခေါ်ယူပေးခဲ့သည်။ ၎င်းကမူ ထိုအစည်းအဝေးသည် သမ္မတ၏ လုပ်ရပ်ကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ထုချေခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့သည်။ စစ်အုပ်ချုပ်ရေးကာလအတွင်း မီဒီယာကုမ္ပဏီအချို့ကို လျှပ်စစ်နှင့် ရေပေးဝေမှု ဖြတ်တောက်မည့် အစီအစဉ်ကို ဟန်ဒပ်ဆူ သိရှိထားသော်လည်း တားဆီးခဲ့ခြင်း မရှိကြောင်း တရားရုံးက ဆိုသည်။ ၎င်းအား နိုင်ငံတော်စာရွက်စာတမ်း အတုပြုလုပ်မှုနှင့် မဟုတ်မမှန် သက်သေထွက်ဆိုမှုတို့ဖြင့်လည်း အပြစ်ရှိကြောင်း တွေ့ရှိရသည်။ ဦးဆောင်တရားသူကြီးက “တရားခံသည် ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် သမ္မတ၏ အာဏာအလွဲသုံးစားလုပ်မှုများကို ထိန်းကျောင်းတားဆီးရန်နှင့် အာဏာကို ဥပဒေနှင့်အညီ ကျင့်သုံးနိုင်စေရန် ကူညီရမည့် တာဝန်ရှိသည်။ သို့သော် ၎င်းသည် ထိုကြီးလေးသော တာဝန်ကို စွန့်လွှတ်ကာ ပုန်ကန်မှုတွင် ပါဝင်ခဲ့သည်” ဟု မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း ဟန်ဒပ်ဆူသည် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အပါအဝင် အစိုးရဌာနပေါင်းစုံတွင် နှစ်ပေါင်း (၅၀) ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အချက်ကို ထည့်သွင်းစဉ်းစားကာ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လွှတ်တော်က စစ်အုပ်ချုပ်ရေးကို ကန့်ကွက်မဲပေးပြီးနောက် ၎င်းသည် အစိုးရအဖွဲ့ကို ပြန်လည်ခေါ်ယူကာ စစ်အုပ်ချုပ်ရေးကို ပြန်လည်ရုပ်သိမ်းရန် ဆောင်ရွက်ခဲ့သည်ကိုလည်း တရားရုံးက ထည့်သွင်းတွက်ချက်ခဲ့သည်။ ယခင် ဇန်နဝါရီလတွင် အောက်ခြေတရားရုံးက ၎င်းကို ထောင်ဒဏ် (၂၃) နှစ် ချမှတ်ခဲ့သော်လည်း ယခုအခါ ၁၅ နှစ်သို့ လျှော့ကျသွားခြင်းဖြစ်သည်။ ဟန်ဒပ်ဆူ၏ ရှေ့နေဖြစ်သူကမူ ၎င်းတို့အနေဖြင့် ထပ်မံ၍ အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။ သမ္မတဟောင်း ယွန်းဆော့ယောမှာမူ စစ်အုပ်ချုပ်ရေးထုတ်ပြန်ကာ ပုန်ကန်မှုကို ဦးဆောင်မှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရပြီး ဖြစ်သည်။ ကိုးကား-Reuters Post navigation ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်သုတေသနသင်္ဘောက ‘တရားမဝင်’ လုပ်ငန်းများ လုပ်ဆောင်နေကြောင်း စွပ်စွဲခံရ ပဋိပက္ခများအပြီး ထိုင်းနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ကတိပြု