PSM (NEWS) မတ် ၈၊ ၂၀၂၆ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုအတွက် အမေရိကန်ပြည်ထောင်စုက ယာယီကင်းလွတ်ခွင့်ပေးခဲ့သော်လည်း အိန္ဒိယနိုင်ငံသည် ရုရှားရေနံတင်သွင်းမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရသတင်းရင်းမြစ်တစ်ဦးက စနေနေ့တွင် ပြောကြားခဲ့သည်။ သို့သော် ထိုကဲ့သို့ တင်သွင်းရန်အတွက် ဝါရှင်တန်၏ ခွင့်ပြုချက် လိုအပ်ခြင်းမရှိကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ထပ်လောင်း ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများနှင့် ပင်လယ်ကွေ့ဒေသတစ်လျှောက် တီဟီရန်ဘက်မှ ပြန်လည်တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ ပင်လယ်ပြင်တွင် ပိတ်မိနေသော ရုရှားရေနံများကို အိန္ဒိယသို့ ရောင်းချနိုင်စေရန်အတွက် အမေရိကန်သည် ရုရှားအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ကြာသပတေးနေ့တွင် ယာယီ ဖြေလျှော့ပေးခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံသည် ထိုကဲ့သို့သော ဝယ်ယူမှုများအတွက် “ရေတိုကင်းလွတ်ခွင့်” အပေါ် မှီခိုနေခြင်း မဟုတ်ကြောင်း နယူးဒေလီရှိ အစိုးရသတင်းရင်းမြစ်က ပြောကြားသည်။ “အိန္ဒိယနိုင်ငံဟာ ရုရှားရေနံဝယ်ယူဖို့ ဘယ်နိုင်ငံရဲ့ ခွင့်ပြုချက်ကိုမှ ဘယ်တော့မှ မှီခိုအားထားခဲ့တာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ “အိန္ဒိယဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာလည်း ရုရှားရေနံတွေကို ဆက်လက် တင်သွင်းနေဆဲ ဖြစ်ပြီး ရုရှားနိုင်ငံဟာ အိန္ဒိယရဲ့ အကြီးဆုံး ရေနံစိမ်း တင်သွင်းသူအဖြစ် ဆက်လက်ရှိနေပါတယ်” ဟုလည်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံက ဖေဖော်ဝါရီလအတွင်း ရုရှားရေနံဝယ်ယူမှု ရပ်တန့်ရန် အိန္ဒိယ၏ “ကတိကဝတ်” ကြောင့် အိန္ဒိယကုန်ပစ္စည်းများအပေါ် ကောက်ခံနေသည့် ၂၅ ရာခိုင်နှုန်း အခွန်ကို လျှော့ချပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော် အဆိုပါကတိကဝတ်နှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တွင် မည်သည့်နေရာ၌မျှ ဖော်ပြထားခြင်းမရှိသလို အိန္ဒိယအစိုးရကလည်း အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မရှိသေးကြောင်း သိရသည်။ အိန္ဒိယအစိုးရအနေဖြင့် ၎င်းတို့၏ ရေနံဝယ်ယူမှုများသည် နိုင်ငံတော်၏ အကျိုးစီးပွားကိုသာ ဦးစားပေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ အစိုးရသတင်းရင်းမြစ်၏ အဆိုအရ အိန္ဒိယနိုင်ငံတွင် “ရေတိုပြတ်တောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်” ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်း စည်ပေါင်း ၂၅၀ သန်းကျော်ကို လုံလောက်စွာ သိုလှောင်ထားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် စနေနေ့တွင် အိန္ဒိယနိုင်ငံသည် မီးဖိုချောင်သုံး သဘာဝဓာတ်ငွေ့ရည် (LPG) ဆလင်ဒါတစ်လုံး၏ ဈေးနှုန်းကို ၇ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း သိရသည်။ ကမ္ဘာ့ရေနံဈေးနှုန်းသည် သောကြာနေ့တွင် ၈.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အရှေ့အလယ်ပိုင်း စစ်ပွဲအဆုံးသတ်ရေးအတွက် အီရန်နိုင်ငံအနေဖြင့် “အခြေအနေမဲ့ လက်နက်ချ” မှသာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် တစ်ပတ်အတွင်း ရေနံဈေးနှုန်းမှာ ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။ အိန္ဒိယသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး LPG ဝယ်ယူသူနိုင်ငံဖြစ်ပြီး အချက်အလက်ထောက်လှမ်းရေးကုမ္ပဏီ Kpler ၏ အချက်အလက်များအရ ၎င်း၏ လိုအပ်ချက် ၉၀ ရာခိုင်နှုန်းကျော်ကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းနေခြင်း ဖြစ်သည်။ ကိုးကား – AFP #ရေနံစိမ်း #စီးပွားရေးပိတ်ဆို့မှု #အိန္ဒိယ #ဆက်လက်လုပ်ဆောင် #ရုရှားရေနံတင်သွင်းမှု #PSM_News Post navigation ဗင်နီဇွဲလားနိုင်ငံသည် ၁၅ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ရေနံစိမ်းတင်ပို့မှုကို ပြန်လည်စတင် အမေရိကန် မိချီဂန်ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး၊ တစ်ဒါဇင်ကျော် ဒဏ်ရာရ