PSM(NEWS)

မတ် ၈ ၊ ၂၀၂၆

ဗင်နီဇွဲလားနိုင်ငံသည် ၁၅ လကြာ ရပ်ဆိုင်းထားခဲ့သည့် ရေနံစိမ်းအမျိုးအစားဖြစ်သော Diluted Crude Oil (DCO) တင်ပို့မှုကို ယခုလအတွင်း ပြန်လည်စတင်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petróleos de Venezuela, S.A. (PDVSA) ၏ စာရွက်စာတမ်းများအရ သိရှိရသည်။

အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron သည် ရေနံစည် (၅၀၀,၀၀၀) ပါဝင်သည့်ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်ပြည်ထောင်စု၊ ပင်လယ်ကွေ့ကမ်းရိုးတန်းသို့ ပေးပို့ခဲ့ကြောင်း သောကြာနေ့တွင် ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

အဆိုပါ တင်ပို့မှုကို ဆက်လက်ထိန်းထားနိုင်မည်ဆိုပါက သိုလှောင်ရုံများအတွင်း ပုံနေသည့် ရေနံစည်ပေါင်း သန်းနှင့်ချီ၍ လျှော့ချနိုင်မည် ဖြစ်သည်။

ဖေဖော်ဝါရီလကုန်အထိ အော်ရီနိုကို မြစ်ဝှမ်းတွင် DCO ရေနံစည်ပေါင်း ၄.၈ သန်း အထိ စုပုံနေခဲ့ပြီး၊ ယင်းမှာ အဆိုပါဒေသတွင် လေးလံသော ရေနံအမျိုးအစားများထဲမှ အများဆုံး စုပုံမိသည့် ပမာဏဖြစ်သည်။

PDVSA ကုမ္ပဏီကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့သလို၊ Chevron ကုမ္ပဏီကလည်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဇန်နဝါရီလ အတွင်းက အမေရိကန်အစိုးရမှ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုအား ဖမ်းဆီးထိန်းသိမ်းပြီး နောက်ပိုင်း အမေရိကန်၏ လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း Vitol နှင့် Trafigura ကဲ့သို့သော ကုန်သွယ်ရေးကုမ္ပဏီများသည် ဖေဖော်ဝါရီလအထိ ဗင်နီဇွဲလား ရေနံစည်ပေါင်း ၂၇ သန်းခန့် တင်ပို့ခဲ့သည်။ သို့သော် အများစုမှာ Merey အမျိုးအစား ရေနံစိမ်းများသာ ဖြစ်သည်။

Chevron ကုမ္ပဏီအနေဖြင့်လည်း ၎င်း၏ အမေရိကန် လိုင်စင်အောက်တွင် Hamaca နှင့် Boscan ရေနံအမျိုးအစားများကိုသာ အဓိကထား တင်ပို့ခဲ့ကြောင်း သင်္ဘောခြေရာခံ အချက်အလက်များအရ သိရှိရသည်။ အခြားရေနံအမျိုးအစားများမှာမူ သိုလှောင်ရုံများ၌သာ ပိတ်မိနေခဲ့ပြီး ဝယ်ယူသူအကန့်အသတ်ရှိနေခဲ့ခြင်း ဖြစ်သည်။

ကိုးကား Reuters

#စွမ်းအင်ကုမ္ပဏီ

#အမေရိကန်လိုင်စင်

#ရေနံစိမ်းတင်ပို့မှု

#ပြန်လည်စတင်

#ဗင်နီဇွဲလား

#PSM_News

By Htet Ko