PSM(NEWS)

မတ်လ ၇၊ ၂၀၂၆

တောင်ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန်၏ Patriot ဒုံးကျည်ကာကွယ်ရေးစနစ်အချို့ကို အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် အသုံးပြုရန်အတွက် ရွှေ့ပြောင်းချထားခြင်း ရှိ၊ မရှိကို အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်တို့ ဆွေးနွေးနေကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဂျိုးဟွန်းက သောကြာနေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်၏ ဒုံးကျည်ဖြတ်တောက်ရေးစနစ် အချို့ကို တောင်ကိုရီးယားရှိ အခြားနေရာများမှ အိုဆန် လေတပ်စခန်းသို့ ရွှေ့ပြောင်းထားကြောင်း မီဒီယာများက ဖော်ပြခဲ့ပြီးနောက် လွှတ်တော်ကြားနာပွဲတစ်ခုတွင် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခတွင် အသုံးပြုရန်အတွက် Patriot ဒုံးကျည်များကို မကြာမီရွှေ့ပြောင်းရန် အမေရိကန်ဘက်က စီစဉ်ထားသလားဟု မေးမြန်းရာတွင် ဝန်ကြီးဂျိုးဟွန်းကမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အမေရိကန်ဘက်မှ စစ်ရေးအကူအညီပေးရန် တောင်းဆိုချက် တစ်စုံတစ်ရာရရှိထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အီရန်နှင့်ပတ်သက်၍ မည်သည့်နိုင်ငံမှမဆို ပေးအပ်လာမည့် အကူအညီကို လက်ခံမည်ဖြစ်ကြောင်း ပြောကြားထားသည်။

အမေရိကန်တပ်ဖွဲ့ဝင်များ ကမူ “စစ်ဆင်ရေးဆိုင်ရာ လုံခြုံရေးအရ သတ်မှတ်ထားသော စစ်ရေးစွမ်းရည်များ သို့မဟုတ် ပစ္စည်းကိရိယာများ ရွှေ့ပြောင်းခြင်း၊ နေရာချထားခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့မှတ်ချက် မပေးပါ” ဟု ပြောကြားခဲ့သည်။

အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ Patriot စနစ်များကို အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းရန် အဆင်သင့် ပြင်ဆင်နေကြောင်းနှင့် အမေရိကန်၏ လေကြောင်းပို့ဆောင်ရေး လေယာဉ်ကြီးများက ၎င်းတို့ကို ရွှေ့ပြောင်းရန်အတွက် အိုဆန်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များသည် အီရန်၏ နျူကလီးယားလက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်စွမ်းရည်များကို ဖျက်ဆီးရန် ရည်ရွယ်ထားကြောင်း သမ္မတ ထရမ့်က ပြောကြားခဲ့သည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် အီရန်နိုင်ငံအတွင်းရှိ မဟာဗျူဟာမြောက် ပစ်မှတ်များကိုတိုက်ခိုက်နေသည်မှာ ခုနစ်ရက်မြောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

တောင်ကိုရီးယားသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားကို တုံ့ပြန်ရန်အတွက် အမေရိကန် စစ်တပ်အင်အား ၂၈,၅၀၀ ခန့်နှင့် Patriotဒုံးကျည်များ အပါအဝင် ဝေဟင်ရန်ကာကွယ်ရေးစနစ်များကို အခြေစိုက်လက်ခံထားသည့် နိုင်ငံတစ်ခုဖြစ်သည်။

ကိုးကား Reuters

#ရွှေ့ပြောင်း

#အီရန်စစ်ပွဲ

#Patriot_ဒုံးကျည်

#အမေရိကန်

#တောင်ကိုရီးယား

#PSM_News

By Htet Ko