PSM (NEWS)
ဖေဖော်ဝါရီ ၈၊ ၂၀၂၆

ဒေသတွင်း၌ စုဖွဲ့ထားသည့် အမေရိကန်တပ်ဖွဲ့များက အီရန်ကို စတင်တိုက်ခိုက်လာပါက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် သတိပေးပြောကြားခဲ့သည်။

သို့သော် ယင်းကဲ့သို့ ပြန်လည်တိုက်ခိုက်မှုသည် အဆိုပါ စစ်အခြေစိုက်စခန်းများကို လက်ခံထားသည့် အိမ်ရှင်နိုင်ငံများကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်းကိုလည်း အီရန်ဘက်က အလေးထားပြောဆိုခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ဂ်ချီ သည် အိုမန်နိုင်ငံတွင် သောကြာနေ့က ပြုလုပ်ခဲ့သည့် နျူကလီးယားဆိုင်ရာ သွယ်ဝိုက်ဆွေးနွေးမှုများ အပြုသဘောဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကာတာအခြေစိုက် Al Jazeera ရုပ်သံသို့ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ထပ် ဆွေးနွေးပွဲတစ်ရပ်အတွက် ရက်အတိအကျကို မသတ်မှတ်ရသေးသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မကြာမီကာလအတွင်း ပြန်လည်ကျင်းပနိုင်ကြောင်း ပြောကြားထားသည်။

“ကျွန်တော်တို့ဘက်ကရော ဝါရှင်တန်ဘက်ကပါ ဆွေးနွေးပွဲကို မကြာခင် ပြန်လည်ကျင်းပသင့်တယ်လို့ ယုံကြည်ပါတယ်” ဟု အာရက်ဂ်ချီက ဆိုသည်။

၎င်းက ဆက်လက်ပြောကြားရာတွင်
“အမေရိကန်ပြည်တွင်းကို တိုက်ခိုက်နိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေကိုတော့ ပစ်မှတ်ထားသွားမှာပါ။ အိမ်နီးချင်းနိုင်ငံတွေကို မတိုက်ခိုက်ပါဘူး။ အဲဒီနိုင်ငံတွေထဲမှာရှိတဲ့ အမေရိကန်စခန်းတွေကိုပဲ တိုက်ခိုက်မှာဖြစ်ပါတယ်။ ဒီနှစ်ခုဟာ လုံးဝကွာခြားပါတယ်” ဟု ပြောကြားခဲ့သည်။

ကိုးကား – Reuters

#အီရန်အမေရိကန်အရေး
#အရှေ့အလယ်ပိုင်းအရေး
#နျူကလီးယားဆွေးနွေးပွဲ
#ဒေသတွင်းလုံခြုံရေး
#အမေရိကန်စစ်အခြေစိုက်စခန်း
#အီရန်သတိပေး
#𝐏𝐒𝐌_𝐍𝐞𝐰𝐬

By Htet Ko