PSM(News) ဖေဖော်ဝါရီ ၈ ၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) သည် ၎င်းတို့၏ တပ်မှူးကြီး များအစည်းအဝေးကို ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပြီးနောက် လက်ရှိကာလမှာ “အဆုံးသတ်တိုက်ပွဲ ဖော်ဆောင်တက်လှမ်းနိုင်ရေး ပြင်ဆင်နေသည့်ကာလ” ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အစည်းအဝေးကို ယခု ဖေဖော်ဝါရီလအတွင်း ၅ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ဦးစီးချုပ်၊ ဒု-စစ်ဦးစီးချုပ်များ၊ တိုင်းစစ်ဌာန ၁၀ ခုမှ တပ်မှူးကြီးများ၊ အထူးလှုပ်ရှားတပ်မနှင့် ပကဖ တာဝန်ရှိသူများ အပါအဝင် အင်အား ၁၀၀ ကျော် တက်ရောက် ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ရန်သူအကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်ရာတွင် အချိုးမညီစစ်ပွဲနှင့် သမားရိုးကျမဟုတ်သော နည်းလမ်းများ ပေါင်းစပ်ထားသည့် “ပေါင်းစပ်စစ်ပွဲ” အခြေခံသဘောတရား များကို ကျင့်သုံးလျက်ရှိသည်။ ယခုအခါတွင်မူ မဟာဗျူဟာခုခံစစ်နှင့် မျှခြေအဆင့်များမှ ကျော်လွန်၍ အဆုံးသတ်တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေသည့် အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ MOD တပ်မှူးကြီးများ အစည်းအဝေးတွင် PDF များအနေဖြင့် လိုက်နာရမည့် စစ်ပွဲဆိုင်ရာ အခြေခံ နိယာမ ၁၅ ချက်ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် PDF ၏ သမိုင်းပေးတာဝန် သုံး ရပ်အဖြစ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အတွက် စစ်ရေးနည်းဖြင့် တိုက်ပွဲဝင်ရန်၊ ပြည်သူလူထုကို ကာကွယ်ရန်နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု (SSR) လုပ်ငန်းများတွင် ပါဝင်ရန်တို့ကို အတည်ပြုခဲ့ကြသည်။ တပ်မှူးကြီးများ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ် စစ်ရေးအောင်ပွဲများကို ပြန်လည်သုံးသပ်ခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း တော်လှန်ရေးကို အောင်ပွဲသို့ အမြန်ဆုံးရောက်ရှိစေမည့် “အဆုံးအဖြတ်ထိုးစစ်” သို့ တက်လှမ်းနိုင်ရေးအတွက် တပ်တည်ဆောက်ရေးနှင့် စစ်ရေးပြင်ဆင်မှုများကို အားစိုက်လုပ်ဆောင်ရန် စစ်ဦးစီးချုပ်က တိုက်တွန်းမှာကြားခဲ့သည်။ NUG ၏ ယခုထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေး၏ စစ်ရေးအရှိန်အဟုန်မှာ ယခင်ကထက် ပိုမို မြင့်မားလာပြီး အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးများကို မကြာမီ မြင်တွေ့ရတော့မည့် အခြေအနေမျိုး ဖြစ်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ဆိုသည်။ ဓာတ်ပုံ-NUG-MOD #အဆုံးသတ်တိုက်ပွဲ #ပြင်ဆင် #NUG #ကာကွယ်ရေးဝန်ကြီးဌာန #PSM_News Post navigation MMA ဖိုက်တာ ကယန်းတိုင်းရင်းသူ အန်တိုနီယာ လက်ဝှေ့ကြိုးဝိုင်းသို့ ပြန်လည်ဝင်ရောက် မြန်မာစစ်ကော်မရှင်ကို ဖိအားပေးရန် ပိတ်ဆို့အရေးယူမှု နည်းလမ်းများ အသင့်ရှိနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ပြောကြား