PSM(News)

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆

ONE Championship ၏ ပထမဆုံး မြန်မာအမျိုးသမီး ဖိုက်တာဖြစ်ခဲ့သူ MMA ကစားသမား ကယန်းတိုင်းရင်းသူ အန်တိုနီယာ (ခ) တိုတိုသည် ကစားသမားဘဝမှ အနားယူပြီးနောက် လက်ဝှေ့ ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Tha Phae Boxing Stadium ၌ ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပမည့် လက်ဝှေ့ပွဲတွင် အန်တိုနီယာက အမေရိကန် ဖိုက်တာတစ်ဦးနှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပွဲအကြီးကြီး မဟုတ်ပေမဲ့၊ ပရော်ဖက်ရှင်နယ်ပွဲ မဟုတ်ဘူးဆိုပေမဲ့ တိုတိုက စင်အတွေ့အကြုံ ပြန်လိုချင်တာလည်း ပါတာပေါ့နော်။ တိုတို ပြိုင်ပွဲမဝင်ရတာလည်း တော်တော်ကို ကြာနေပြီဖြစ်လို့ လာကြည့်ဖို့အတွက် ဖိတ်ခေါ်ပါတယ်” ဟု အန်တိုနီယာက ပြန်လာခြင်းနှင့် ပတ်သက်၍ သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး သိုင်းပေါင်းစုံ (MMA) အမျိုးသမီး ကစားသမားဖြစ်သူ အန်တိုနီယာသည် လက်ဝှေ့ချန်ပီယံဆုများစွာကို သိမ်းပိုက်ထားနိုင်သူဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အိမ်ထောင်ပြုကာ သားသမီးရတနာ ထွန်းကားခဲ့ခြင်းကြောင့် ကစားသမားဘဝမှ ခေတ္တအနားယူခဲ့ခြင်း ဖြစ်သည်။

အန်တိုနီယာသည် ကစားသမားဘဝသို့ ပြန်လည်ဝင်ရောက်ရန် လေ့ကျင့်မှုများ ပြုလုပ်နေသည်မှာ တစ်ပတ်ခန့်သာ ရှိသေးပြီးယခင်က ကမ္ဘာကျော် ONE Championship ပြိုင်ပွဲတွင် ငါး ပွဲ ထိုးသတ်ခဲ့ရာ သုံး ပွဲနိုင်၊ နှစ် ပွဲရှုံး ရလဒ် ရရှိထားသူ ဖြစ်သည်။

#PSM_News

#MMA

#အန်တိုနီယာ

#ကယန်းတိုင်းရင်းသူ

#လက်ဝှေ့ကြိုးဝိုင်း

By Htet Ko