PSM (NEWS)
ဖေဖော်ဝါရီ ၈၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စုသည် လာမည့်လအစောပိုင်းတွင် ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေးကို တွန်းအားပေးလုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။ ယူကရိန်းညှိနှိုင်းရေးမှူးများနှင့် အမေရိကန်အရာရှိများသည် ယခုသီတင်းပတ်အတွင်း အဘူဒါဘီမြို့၌ ကျင်းပသည့် ဆွေးနွေးပွဲများတွင် အဆိုပါရည်မှန်းချက်ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သို့သော် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အဓိကပြဿနာများအပေါ် နှစ်ဖက်ကြား သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေသဖြင့် သဘောတူညီချက်ရရှိမည့် အချိန်ဇယားမှာ ကြန့်ကြာနိုင်ကြောင်းလည်း သတင်းများက ဖော်ပြထားသည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အမေရိကန်ဘက်မှ “ဇွန်လအတွင်း အရာအားလုံးကို အပြီးသတ်လိုနေကြသည်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် မော်စကိုမြို့ရှိ လူနေအိမ်ရာတစ်ခုအပြင်ဘက်တွင် ရုရှားအဆင့်မြင့်ဗိုလ်ချုပ်ကြီးတစ်ဦး ပစ်ခတ်ခံရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ရုရှားဘက်က ယင်းတိုက်ခိုက်မှုအတွက် ယူကရိန်းကို အပြစ်တင်ခဲ့ပြီး၊ ရုရှားထောက်လှမ်းရေးအဖွဲ့ (GRU) ၏ ဒုတိယအကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီယက်ဗ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။ သို့သော် ယင်းစွပ်စွဲချက်ကို ထောက်ခံနိုင်သည့် အထောက်အထားများကို ယခုအချိန်ထိ မထုတ်ပြန်နိုင်သေးပေ။

အမေရိကန်အစိုးရသည် လေးနှစ်နီးပါး ကြာမြင့်လာခဲ့သော ရုရှား–ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ဇွန်လနောက်ဆုံးထား၍ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိစေရန် ရည်မှန်းထားသည်။ ထိုရည်မှန်းချက် မပြည့်မီပါက ဒေါ်နယ်ထရမ့်အစိုးရက နှစ်ဖက်စလုံးအပေါ် ဖိအားများကို ပိုမိုတိုးမြှင့်လာနိုင်ကြောင်းလည်း ခန့်မှန်းထားကြသည်။

“အမေရိကန်ဘက်က ဒီနွေရာသီအစမှာ စစ်ပွဲကို အဆုံးသတ်ဖို့ အဆိုပြုထားပြီး အဲဒီအချိန်ဇယားအတိုင်း ဖိအားပေးလာနိုင်ပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းသည် ဆောင်းရာသီ အိုလံပစ်ကာလအတွင်း အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် အဆိုပြုချက်ကို ထောက်ခံထားသည်။ ယင်းအဆိုပြုချက်မှာ အိုလံပစ်အပစ်အခတ်ရပ်စဲရေး အစဉ်အလာအရ ပုပ်ရဟန်းမင်းကြီး လီယိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာက “ကျွန်တော်တို့အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားပါတယ်။ အကယ်၍ ရုရှားဘက်က ငြိမ်းချမ်းရေးကို ထပ်မံငြင်းပယ်မယ်ဆိုရင် ဘယ်သူက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်နေသလဲဆိုတာ ပိုမိုရှင်းလင်းလာပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ကိုးကား – The Independent

#အမေရိကန်
#ရုရှားယူကရိန်းစစ်ပွဲ
#ငြိမ်းချမ်းရေးဆွေးနွေးပွဲ
#မော်စကို
#နိုင်ငံတကာနိုင်ငံရေး

By Htet Ko