PSM (NEWS)

ဖေဖော်ဝါရီ ၇၊၂၀၂၆

အမေရိကန်ပြည်ထောင်စုနှင့်အိန္ဒိယနိုင်ငံတို့သည်ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်ချိန်ညှိရန် ကြိုးပမ်းနေစဉ် သွင်းကုန်ခွန်များလျှော့ချရန်၊စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကိုပုံဖော်ရန်နှင့်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ရည်ရွယ်သည့်ယာယီမူဘောင်တစ်ခုကိုသောကြာနေ့တွင်ထုတ်ပြန်ခဲ့ပြီးကုန်သွယ်ရေးစာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်လာခဲ့ပြီဖြစ်သည်။

ယခုထုတ်ပြန်သည့် မူဘောင်သည် ပိုမိုကျယ်ပြန့်သောနှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ရရှိရေးအတွက် ဆက်လက်ညှိနှိုင်းသွားရန် ကတိကဝတ်ကိုထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်ကြောင်းအစိုးရနှစ်ရပ်၏ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။သို့သော်သဘောတူညီချက်အပြည့်အဝရရှိရန်အတွက်နောက်ထပ်ညှိနှိုင်းမှုများလိုအပ်နေသေးကြောင်းလည်းမှတ်ချက်ပြုထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည်အိန္ဒိယနိုင်ငံဘက်မှရုရှားရေနံဝယ်ယူမှုကိုရပ်တန့်ရန်နှင့်ကုန်သွယ်ရေးအတားအဆီးများကို လျှော့ချပေးရန်သဘောတူညီချက်ဖြင့် အိန္ဒိယကုန်ပစ္စည်းများအပေါ် စည်းကြပ်ထားသည့်အမေရိကန်သွင်းကုန်ခွန်ကို ၅၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချပေးမည့် အစီအစဉ်ကိုပြီးခဲ့သည့်တနင်္လာနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ၅၀ ရာခိုင်နှုန်း၏တစ်ဝက်ခန့်မှာယူကရိန်းစစ်ပွဲအတွက်ရုရှားကိုငွေကြေးထောက်ပံ့ရာရောက်သည်ဟုဆိုကာရုရှားရေနံဝယ်ယူသည့်အိန္ဒိယအပေါ်သမ္မတထရမ့်ကအပြစ်ပေးသည့်အနေဖြင့်သီးခြားစည်းကြပ်ထားခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည်၎င်းတို့၏ရေနံဝယ်ယူမှုကိုအမေရိကန်နှင့်ဗင်နီဇွဲလားနိုင်ငံများသို့ ပြောင်းလဲရန် ယခုသီတင်းပတ်အတွင်းသဘောတူညီခဲ့ပြီးနောက် သမ္မတ ထရမ့် သည် အပြစ်ပေးသည့်အနေဖြင့် စည်းကြပ်ထားသော၂၅ရာခိုင်နှုန်းသောအခွန်နှုန်းထားကိုပယ်ဖျက်သည့်အမှုဆောင်အမိန့်ကိုသောကြာနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

သို့သော်လည်း အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးဈေးကွက်ကိုကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ပေးရန်အမေရိကန်၏ဖိအားပေးမှုကိုနယူးဒေလီဘက်မှငြင်းဆန်ခဲ့ကြောင်းပူးတွဲထုတ်ပြန်ချက်တွင်အရိပ်အမြွက်ဖော်ပြထားသည်။

အိန္ဒိယကုန်သွယ်ရေးဝန်ကြီးပီယုရှ်ဂိုယဲလ်ကယခုသဘောတူညီချက်သည်ထိခိုက်လွယ်သည့်စိုက်ပျိုးရေးနှင့်နို့ထွက်ပစ္စည်းကဏ္ဍများကိုအပြည့်အဝကာကွယ်ပေးထားသဖြင့်လယ်သမာများ၏အကျိုးစီးပွားနှင့်ကျေးလက်လုပ်ငန်းများကိုအကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်းXလူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

ကိုးကား Reuters

#အိန္ဒိယအမေရိကန်ကုန်သွယ်ရေး

#ယာယီသဘောတူညီမှု

#makeinindia

#အလုပ်အကိုင်အခွင့်အလမ်း

#စီးပွားရေးဖွံ့ဖြိုးမှု

By Htet Ko