PSM(News)

ဩဂုတ်၇ ၊၂၀၂၆

အာဏာလုသမ္မတ မင်းအောင်လှိုင်၏ သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့ ခရီးစဉ်အတွင်း လူ့အခွင့်အရေး၊ အရပ်သားများ ကာကွယ်ရေးနှင့် တာဝန်ခံမှုရှိစေရေးတို့ကို အဓိကထား ဆွေးနွေးကြရန် Amnesty Internationalက ထိုင်းအစိုးရကို တိုက်တွန်းလိုက်သည်။

သြဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ပြုလုပ်မည့် မြန်မာအာဏာလုသမ္မတ မင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် လူ့အခွင့်အရေးကို ဗဟိုပြုလုပ်ဆောင်ရန် Amnesty International Thailandက တိုက်တွန်းခဲ့ပြီး၊ ပိုမိုနီးကပ်လာသည့် ကုန်သွယ်ရေးနှင့် သံတမန်ရေးရာ ဆက်ဆံရေးများသည် နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သည်ဟူသော စွပ်စွဲချက်များ သို့မဟုတ် အရပ်သားများအပေါ် ဆက်လက်တိုက်ခိုက်နေမှုများကို ဖုံးကွယ်သွားစေရန် အကြောင်းပြချက် မဖြစ်စေရဟု သတိပေးခဲ့သည်။

အဆိုပါ နှစ်ရက်တာ ခရီးစဉ်သည် ဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်၏ ဖိတ်ကြားချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မင်းအောင်လှိုင်၏ အစီအစဉ်တွင် ဝန်ကြီးချုပ် အနုတင် နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံ လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းနှင့် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ စုဝေးကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွေးနွေးကြမည့် ၂၀၂၆ ခုနှစ် ထိုင်း-မြန်မာ စီးပွားရေးဖိုရမ်ကို ဖွင့်လှစ်ပေးခြင်းတို့ ပါဝင်သည်။

နိုင်ငံခြားဆက်ဆံရေး ဆောင်ရွက်ခြင်းသည် ထိုင်းအစိုးရ၏ တာဝန်ဖြစ်ကြောင်း Amnesty Internationalက ဆိုသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုကြီးများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ခေါင်းဆောင်တစ်ဦးကို ကြိုဆိုခြင်းက လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့တွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာစေသည်ဟု ဝေဖန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော အလွန်အကျွံ ဖိနှိပ်ချိုးဖောက်မှုများကို လျစ်လျူရှုခြင်းဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက်မတိုးစေရန် ထိုင်းကို အဆိုပါအဖွဲ့က တိုက်တွန်းခဲ့သည်။

ကိုးကား-The Nation

By Htet Ko