PSM(News)

ဩဂုတ် ၆၊ ၂၀၂၆

မြန်မာနိုင်ငံအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများကို ထိခိုက်ဆုံးရှုံးစေသည့် ဆိုက်ဘာငွေလိမ် (ကျားဖြန့်) လုပ်ငန်းကြီးများ ကြီးထွားပြန့်ပွားနေရခြင်း၏ အရင်းခံ ဇစ်မြစ်မှာ အာဏာလု စစ်အုပ်စုပင် ဖြစ်သဖြင့် ၎င်းတို့ကို မိတ်ဖက်အဖြစ် သတ်မှတ်၍မရဘဲ အာဏာလု စစ်တပ်နှင့် ပြည်သူ့စစ်များကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း Justice For Myanmar (JFM) က ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုင်းအစိုးရအနေဖြင့် အာဏာလု သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ တရားဝင်မှု ပေးအပ်ရန် ကြိုးပမ်းခြင်းသည် နယ်စပ်ကျားဖြန့် အကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေမည်သာ ဖြစ်ကြောင်း JFM က ထောက်ပြထားသည်။

အာဏာလု စစ်အုပ်စုသည် ရာဇဝတ်ကွန်ရက်ကြီး၏ ဗဟိုချက်တွင် ရှိနေပြီး ၎င်းတို့ ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ် (BGF) အမည်ပြောင်း ကရင်အမျိုးသားတပ်မတော်ကို လက်သပ်မွေး၍ ဆိုက်ဘာငွေလိမ် လုပ်ငန်းကြီးများမှ အကျိုးအမြတ်များ ရယူနေခြင်းဖြစ်သည်။ ထိုငွေကြေးများဖြင့်ပင် အာဏာလု စစ်အုပ်စုက ပြည်သူများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို ဘဏ္ဍာငွေ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း လျှပ်စစ်နှင့် လောင်စာဆီ ရောင်းချမှုမှ အကျိုးအမြတ် ရရှိနေသည့် ထိုင်းနိုင်ငံပိုင် ကုမ္ပဏီအချို့နှင့် အဂတိလိုက်စားသော အရာရှိအချို့၏ ပါဝင်ပတ်သက်မှုကြောင့် မြဝတီမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းများ ပိုမို ကျယ်ပြန့်လာခဲ့ရခြင်း ဖြစ်သည်။

BGF တပ်မှူး မုတ်သုန် အား လူကုန်ကူးမှု စွဲချက်များဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းအာဏာပိုင်များအနေဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများအတွက် အဓိက တာဝန်ရှိသည့် BGF ခေါင်းဆောင် စောချစ်သူ (စံမြင့်)၊ တင်ဝင်း အပါအဝင် အာဏာလု စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်များကို ရာဇဝတ်ကြောင်းအရ အလျင်အမြန် အရေးယူရန် JFM က တိုက်တွန်းထားသည်။

သို့ဖြစ်ပါ၍ ထိုင်းအစိုးရ အပါအဝင် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်ရာဇဝတ်ကောင်များအား ကော်ဇောနီခင်း ကြိုဆိုမည့်အစား အာဏာလု စစ်တပ်နှင့် ပြည်သူ့စစ်များထံ သို့ စီးဝင်နေသည့် ဘဏ္ဍာငွေ၊ လက်နက်နှင့် လေယာဉ်ဆီ ရင်းမြစ်အားလုံးကို ဖြတ်တောက်ရန်နှင့် ၎င်းတို့ ကျူးလွန်ခဲ့သည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအတွက် ထိရောက်စွာ အရေးယူ တာဝန်ခံစေရန် JFM က တောင်းဆိုထားသည်။

By Htet Ko