PSM (News) ဩဂုတ် ၇၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် BTS ဘူတာအနီး မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်တွင် “Myanmar is bleeding. No handshakes with a brutal dictator” (မြန်မာနိုင်ငံတွင် သွေးထွက်သံယိုဖြစ်နေသည်၊ ရက်စက်သည့် စစ်အာဏာရှင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုရ) ဟူသော စာတန်းပါ ဘန်နာကို ချိတ်ဆွဲ၍ အာဏာလု သမ္မတ မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ ဩဂုတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ကကြောင်း သိရသည်။ အဆိုပါ ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုကို လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ရန်ကုန်လူထုသပိတ်နှင့် Burmese Exile Movement (BEM) တို့ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် အာဏာလု သမ္မတ မင်းအောင်လှိုင်၏ ခရီးစဉ်နှင့် ပတ်သက်၍ ရန်ကုန်လူထုသပိတ်၊ စမ်းချောင်းပင်မသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုများ အပါအဝင် တော်လှန်ရေး သပိတ်အင်အားစုများက မြန်မာပြည်သူလူထု ကိုယ်စား အဓိက တောင်းဆိုချက် ငါးချက် ပါဝင်သော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ တော်လှန်ရေး သပိတ်အင်အားစုများ၏တောင်းဆိုချက်များမှာ အာဏာလု စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲနှင့် စစ်ခေါင်းဆောင်ကို သံတမန်ရေးရာ တရားဝင်မှု မပေးရန်၊ လေကြောင်း အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုများကို တားဆီးပေးရန်၊ ကျားဖြန့်နှင့် နယ်စပ် ဒုစရိုက်လုပ်ငန်းများ၏ ဒေါက်တိုင် ဖြစ်နေသည့် စစ်တပ်နှင့် ဆက်ဆံရေး ဖြတ်တောက်ရန်၊ ပြည်သူ့အသံကို တိုင်တည်ထားသည့် NUG၊ EAOs နှင့် တော်လှန်ရေး အင်အားစုများကိုသာ တရားဝင် အသိအမှတ်ပြုရန်နှင့် စစ်ဘေးရှောင်များနှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ဖိနှိပ်ချုပ်ချယ်မှုမပြုဘဲ လူ့အခွင့်အရေး စံနှုန်းများအတိုင်း လေးစားလိုက်နာရန် စသည့် အချက်များ ပါဝင်သည်။ ဓာတ်ပုံ-လူထုသပိတ် Post navigation မြန်မာနိုင်ငံနှင့် ဆွေးနွေးရာတွင် လူ့အခွင့်အရေးကို ဦးစားပေးရန် ထိုင်းနိုင်ငံကို Amnesty International တိုက်တွန်း ဒေါ်အောင်ဆန်းစုကြည်ထံ ICRC ဝင်ရောက်တွေ့ဆုံမှုကို အမေရိကန် ကြိုဆို၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် ထပ်မံတောင်းဆို