PSM(News)

ဩဂုတ် ၇၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်မှူးကြီးများ အစည်းအဝေးကို ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်မှ ၆ ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် “ပြည်သူ့ခုခံတွန်းလှန်စစ်” မှသည် “မဟာဗျူဟာထိုးစစ်” သို့ တက်လှမ်း နိုင်ရေးနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် ပိုမိုစနစ်တကျ ပေါင်းစပ် တိုက်ပွဲဖော်ဆောင်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များကို အတည်ပြု ချမှတ်ခဲ့သည်။

အဆိုပါ လေး ရက်တာ အစည်းအဝေးသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို အမှူးပြုသည့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (လုံ/ကာ) အဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ PDF စစ်ဦးစီးချုပ်၊ ဒုတိယ စစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်တို့အပြင် တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ ၁ ခု၊ စစ်ရုံးချုပ် ဌာနအသီးသီးနှင့် ပကဖ စစ်ဘက်ရေးရာ အရာရှိချုပ်ရုံးမှ တပ်မှူးကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ညီညွတ်ရေးမူ ၃ ရပ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ကွပ်ကဲရေး ကော်မတီ၌ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်သွားရန် ရေးဆွဲခဲ့ကြသည်။

ထို့ပြင် စစ်ဒေသအသီးသီးတွင် ရှိနေသည့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း (EROs) များနှင့် စစ်ရေးအရ ပိုမိုစနစ်တကျ ညှိနှိုင်းချိတ်ဆက်၍ တိုက်ပွဲများ ဖော်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြပြီး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဘက်ဆိုင်ရာ စည်းကမ်းချက်များနှင့် အရပ်သားများကို အကာအကွယ် ပေးရမည့် စစ်သည်တော် ကျင့်ဝတ်များကို တိတိကျကျ လိုက်နာကြရန်လည်း ထပ်မံညွှန်ကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေး နောက်ဆုံးနေ့တွင် တပ်မှူးကြီးများက စစ်ဓလေ့ထုံးတမ်းနှင့်အညီ အလေးပြု၍ PDF ၏ ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင် သန်း နှင့် PDF စစ်ဦးစီးချုပ်တို့၏ နိဂုံးချုပ် နိုင်ငံရေး ဦးဆောင်မှုနှင့် လမ်းညွှန်ချက်များကို ခံယူခဲ့ကြ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ထုတ်ပြန်ထားသည်။

By Htet Ko