PSM(News)

ဩဂုတ် ၇ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ချောင်းများ အတွင်း ရေလျှံတက်ကာ ကျေးရွာပေါင်း ၁၀၀ ကျော် ရေဘေးသင့်လျက်ရှိပြီး စစ်ဘေးဒုက္ခသည် ၅,၀၀၀ ကျော်နေထိုင်ရာ တဲအိမ်များ ရေမြုပ်ပျက်စီးသွားသဖြင့် အမိုးအကာနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၅ ရက်မှစတင်၍ မိုးရွာသွန်းမှု ပြင်းထန်ခဲ့သဖြင့် ဒေါင်းမြူးချောင်းနှင့် လာကာချောင်းတို့မှ ရေလျှံကာ မြို့နယ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်း ကျေးရွာများသို့ ရေများ ဝင်ရောက်လာခဲ့ပြီး ရေအနက် ၄ ပေခန့်အထိ မြင့်တက်လာသဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ ရွာ၏ အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့ခိုလှုံနေကြရသည်။

“အဆိုးဆုံးက ကောလင်းအနောက်ခြမ်းရွာတွေ ရေကြီးတာများတယ်။ တစ်ချို့ရွာတွေဆိုနှစ်ကြိမ်ရှိပြီ။ ရေက လေး ပေလောက်တက်လာတယ်။ နိမ့်တဲ့နေရာတွေဆို ပိုဆိုးတယ်။ လူတွေက အဝေးကြီးရွှေ့ ပြောင်းရတာ မရှိဘူး‌။ ရွာအမြင့်ပိုင်းတွေ ပြောင်းကြရတာ ရှိတယ်။ စစ်ရှောင်တဲတွေဆို အကုန်ရွှေ့ရတာ” ဟု ဒေသခံသတင်းရင်းမြစ်က PSM ကိုပြောသည်။

လက်ရှိတွင် လမ်းဘေးဝဲယာများ၌ ယာယီတဲထိုး၍ ခိုလှုံနေကြရသည့် အနောက်ခြမ်းကျေးရွာများမှ စစ်ဘေးရှောင် ခန့်မှန်း အိမ်ထောင်စု ၁,၅၀၀ ကျော် (လူဦးရေ ၅,၀၀၀ ကျော်) ခန့်မှာ တဲအများစု ရေမြုပ်ပျက်စီးသွားသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည်။

ယခုကဲ့သို့ မိုးဆက်လက် ရွာသွန်းနေပါက သွားလာရေး လုံးဝပြတ်တောက်သွားနိုင်ပြီး စားသောက်ရေးပါ ပိုမိုကျပ်တည်းလာနိုင်ကြောင်း ဒေသခံများထံမှဘ သိရသည်။

“မိုးကြီးလို့ ချောင်းတွေလျှံတာရှိသလို ချောင်းမြောင်းတွေတိမ်ကောလာတာလည်းပါတယ်။ သယံဇာတ အလွန်အကျွံ ထုတ်ယူနေတာကြောင့်လည်းပါမယ်။ စနစ်တကျ ထိန်းကျောင်းသင့်ပါပြီ။ မိုးပြိုအများ ဆိုသလို စစ်ရှောင်တွေမှာလည်း စစ်ဘေးထက် ရေဘေးပါထပ်ရှောင်နေရပါတယ်” ဟု ဒေသခံက ထပ်မံပြောကြားသည်။

၂၀၁၆ ခုနှစ် ကလည်း ကောလင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရပြီး နေအိမ်ခေါင်မိုးများအထိ ရေမြုပ်ကာ လူအသေအပျောက်၊ အိမ်ခြေရာပေါင်းများစွာ ပျက်စီးမှုနှင့် စိုက်ပျိုးသီးနှံများ ဆုံးရှုံးမှုကြီး မားစွာ ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ-CJ

By Htet Ko