PSM(News)

ဇူလိုင် ၇၊ ၂၀၂၆

မတရားမှုကို ဒူးမထောက်ခဲ့သည့် ကျောင်းသားထု၏ တော်လှန်ရေးသမိုင်းနေ့တစ်နေ့ဖြစ်သော (၆၄) နှစ်ပြည့် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ တော်လှန်လူငယ်များက “၇.၇.၆၂ မမေ့ကြနဲ့” ၊ “7-7-62 DON’T FORGET” ဟုရေးသားထားသည့် စာတမ်းပါ တီရှပ်များကို ဝတ်ဆင်ကာ အာဏာ လုစစ်အုပ်စုကို ဆန့်ကျင်သည့် မြို့ပြပြောက်ကျားလှုပ်ရှားမှုတစ်ရပ်ကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

လွန်ခဲ့သည့် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ စစ်အာဏာရှင်များ ပထမဆုံးအကြိမ် စစ်အာဏာ သိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် အဆိုပါအရေးတော်ပုံတွင် စစ်တပ်က ကျောင်းသားပေါင်း ၁၀၀ ကျော်ကို အော်တိုမောင်းပြန်ရိုင်ဖယ်များဖြင့် ရက်ရက်စက်စက် ပစ်သတ်ခဲ့သည်။

ဇူလိုင်လ ၈ ရက် မနက်လင်းအားကြီးအချိန်တွင်လည်း လွတ်လပ်ရေးသမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်း သားသမဂ္ဂ (တကသ) အဆောက်အအုံကို စစ်တပ်က ဒိုင်းနမိုက်များကပ်၍ ထပ်မံ ဖောက်ခွဲဖျက်ဆီးခဲ့သည်။

စစ်အာဏာရှင်ကြီး ဦးနေဝင်းက ၎င်းကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို မမြင်ချင်ဟုဆိုကာ ဖောက်ခွဲခိုင်းခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ညတွင် မြန်မာ့အသံရေဒီယိုမှတစ်ဆင့် “ဓားဓားချင်း လှံလှံချင်း” ဟု ပြည်သူကို ဗြောင်ကျကျ ကြိမ်းမောင်းခဲ့သည်။

၁၉၈၈ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ကြီးက အမိန့်ပေးခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သလို စစ်အာဏာရှင်ဦးနေဝင်းကလည်း ၎င်း၏လက်ချက်မဟုတ်ကြောင်း ပြောဆို၍ သမိုင်းကို အသီးသီးလွှဲ ချဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့ကြသည်။

တော်လှန်လူငယ်များကမူ မည်သို့မျှ ဖျောက်ဖျက်၍မရသည့် အဆိုပါသမိုင်းဆိုးကို ကမ္ဘာတည်သရွေ့ မေ့ပျောက်မည်မဟုတ်ကြောင်းနှင့် ယနေ့ခေတ် အာဏာလုစစ်အုပ်စုကိုလည်း အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်၍ သမိုင်းပေးတာဝန်ကို ဆက်လက်သယ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ-GSCB

By Htet Ko