မောင်မောင်ကဲ/PSM(News)

ဇူလိုင် ၇ ၊ ၂၀၂၆

အကာအကွယ်ပေးရန် တာဝန်ရှိမှု (R2P) နှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု သန့်စင်ရေးနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကာကွယ်တားဆီး ရေးဆိုင်ရာ ကုလသမဂ္ဂမျက်နှာစုံညီ အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က နယူးယောက်မြို့ရှိ ကုလ သမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်သည် သက်ဆိုင်ရာနိုင်ငံတွင် ရှိသော်လည်း နိုင်ငံတစ်နိုင်ငံသည် အဆိုပါတာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်သည့်အခါ နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် မျက်ကွယ်ပြုနေ၍မရဘဲ အားနည်းချိနဲ့သော ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေ တာဝန်ယူ ဆောင်ရွက်သင့်ကြောင်း သံအမတ်ကြီးက ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားချိန်မှ ငါးနှစ်ကျော်ကြာသည့်တိုင် အာဏာလု စစ်အုပ်စုသည် အရပ်သားပြည်သူ ၈၁၀၀ ကျော်ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင် ၃.၇ သန်းကျော် ဖြစ်ပေါ်စေခဲ့သည်။

အထူးသဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်မှ ဇွန်လ ၃၀ ရက်အထိ ရက်ပေါင်း ၇၀ အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၄၇ ကြိမ်နှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀ ကြိမ်တို့အပါအဝင် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများကို တိုးမြှင့်ကျူးလွန်ခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်စစ်အုပ်စု၏ တရားဝင်မှုအဆင့်အတန်း မည်သို့ပင်ရှိနေစေကာမူ ၎င်းတို့သည် မြန်မာ နိုင်ငံတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ရည်ရွယ် ချက်ရှိရှိ အဓိက ကျူးလွန်နေကြသူများဖြစ်သည်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ပြည်သူများကို ကာကွယ်ရန်နှင့် တာဝန် ခံမှုကွာဟ ချက်များကို ဖြည့်ဆည်းရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ တရား စီရင်ပိုင်ခွင့်ကို လက်ခံထားသည်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ကြေညာထားပြီး ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ရှင်းလင်းပြောကြားသည်။

ထို့ကြောင့် “ICC အနေဖြင့် ပြည်သူများအပေါ် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသော အာဏာလု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် တရားစွဲအရာရှိမှ တင်သွင်း လျှောက်ထားမှုအပေါ် အလေးအနက်ထား ဆောင်ရွက်ရန် တိုက်တွန်းလိုသည်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်း ရေး ဦးဆောင်ကောင်စီ (SCEF) ၏ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုစနစ် တည်ထောင်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကြရန်လည်း နိုင်ငံတကာအသိုက်အဝန်းသို့ မေတ္တာရပ်ခံခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အာဏာလုစစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် စစ်ဘက် အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများ စီးဆင်းနေမှုကို ပိတ်ဆို့ရန် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း (၇) အောက်မှ ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်လည်း သံအမတ်ကြီးက တောင်းဆိုခဲ့သည်။

“မည်သည့်နိုင်ငံမဆို စစ်အုပ်စုနှင့် မဆင်မခြင်ဆက်ဆံရေးများ ပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ ဆက်လက် ကျူးလွန်နေသော ရာဇဝတ်မှုများတွင် သွယ်ဝိုက်၍ ပါဝင်ပက်သက်မှု မလုပ်သင့်ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုများသည် မြန်မာ့သမိုင်းတွင် ကျန်ရှိနေမည်ဖြစ်ပြီး မြန်မာပြည်သူများအနေဖြင့် နာကြည်းခါးသီးစွာ အမြဲအမှတ်ရနေကြမည် ဖြစ်သည်” ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းနိဂုံးချုပ်တွင် သတိပေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာနှင့် အနာဂတ်ကို ကယ်တင်ရန် နိုင်ငံတကာ အသိုက်အဝန်း၏ R2P အကောင်အထည်ဖော်မှုသည် ကြာမြင့်စွာ နှောင့်နှေးနေပြီဖြစ်ရာ ယခုအချိန် သည် မဖြစ်မနေ လက်တွေ့လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်း သံအမတ်ကြီးက တောင်းဆိုခဲ့သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed