PSM(News) ဇူလိုင် ၇၊ ၂၀၂၆ သမိုင်းဝင် သွေးစွန်းခဲ့ရသည့် ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံကြီးသည် ယနေ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် (၆၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ အသက်ပင်သေပစေ စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင်သည်အထိ ဆန့်ကျင်တိုက်ပွဲဝင်သွားမည်ဟူသော ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ဖြင့် စစ်အာဏာ ရှင်စနစ်ကို အမြစ်ပြတ်တိုက်ဖျက်သွားကြရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ယနေ့တွင် သဘောထားထုတ်ပြန် တိုက်တွန်းထားသည်။ ဆဲဗင်းဂျူလိုင် အရေးတော်ပုံသမိုင်းသည် ကျောင်းသားထု၏ ဒီမိုကရေစီအရေးတော်ပုံစိတ်ဓာတ်ကို စစ်ခေါင်းဆောင်တို့ မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသည့် ဖြစ်ရပ်ကြီးတစ်ခုဖြစ်ပြီး စစ်ခေါင်းဆောင် အဆက် ဆက်သည် ကျောင်းသားပြည်သူများတွင် အဆိုပါစိတ်ဓာတ် ကိန်းဝပ်လာမည်ကို ကြောက်ရွံ့၍ သမိုင်းမှတ် တမ်းကို ဖျောက်ဖျက်ရန်နှင့် ချီးကျူးဂုဏ်ပြုသူများကို ဖိနှိပ်ဖျက်ဆီးရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသည်။ “သို့သော် ဆဲဗင်းဂျူလိုင် အရေးတော်ပုံစိတ်ဓာတ်ကား ပျောက်ကွယ်မသွားဘဲ ယနေ့လူထုတစ်ရပ်လုံး၏ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဒီမိုကရေစီအရေးတော်ပုံကြီးသည် အရေးတော်ပုံအတွင်း ကျဆုံးခဲ့ ရသော ကျောင်းသားအပေါင်း၏ မောင်နှမသားချင်းများနှင့် မိဘသဖွယ်ဖြစ်နေသော ပြည်သူလူထု ကြီးက စစ်ခေါင်းဆောင်များ၏ လုပ်ရပ်အပေါ် အငြိုးကြီးမားစွာ တုံ့ပြန်တိုက်ခိုက်နေခြင်းသာဖြစ်သည်” ဟု ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိ စစ်အာဏာရှင်စနစ်အောက်၌ နင်းပြားဘဝသို့ ကျရောက်နေရသည့် ပြည်သူလူထုကြီးသည် လူလိုသူလို အရေးပေးဆက်ဆံခံရသည့် ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် အပူအပင်အကြောင့်အကြကင်းပြီး လူတန်းစေ့နေနိုင်သော နိုင်ငံကြီးသားဘဝတို့ကို မျှော်လင့်တောင့်တလျက်ရှိကြသည်။ ထို့ကြောင့် စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အစိုးရ တည်းဟူသော စစ်သုံးစစ်သည်သာလျှင် မိမိတို့၏ ဘုံရန်သူဖြစ်သည်ဟူသော အသိတရားကို မြဲမြဲဆုပ်ကိုင်ရင်း ပြည်သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်များ အမှန်တကယ် ဖြစ်လာအောင် ကြိုးပမ်းရန်မှာ လူထုများကို အသီးသီးကိုယ်စား ပြုလျက်ရှိသော အသင်းအပင်းအစည်းအရုံးများ အားလုံး၏ တူညီသော တာဝန်ဖြစ်ကြောင်း ဗကသ များအဖွဲ့ချုပ်က လေးနက်စွာ ယူဆထားသည်။ အတိတ်သမိုင်းအဆက်ဆက်တွင် ကျဆုံးလေပြီးသော ပြည်သူ့သားကောင်းသမီးပျို အာဇာနည်များ သည် ပြည်သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်များ ပြည့်ဝလာစေရန် စွမ်းစွမ်းတမံ အသက်စွန့် ကြိုးစားခဲ့ကြသူများဖြစ်ပြီး အတိတ်သမိုင်း၏ အာဇာနည်များက ယနေ့မျိုးဆက်သစ်များထံ မိမိတို့၏ အရေးတော်ပုံစိတ်ဓာတ်ကို လက်ဆင့်ကမ်း သယ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။ “ကိုယ်ကျိုးဟူသမျှ စွန့်လွှတ်ပြီး အရေးတော်ပုံအောင်ပွဲရသည်အထိ မနားမနေ ဆင်နွှဲသွားရန် တွန်းအား ပေးလျက်ရှိခြင်းသည် ဆဲဗင်းဂျူလိုင် အရေးတော်ပုံသမိုင်း၏ တန်ဖိုးပင်ဖြစ်သည်” ဟု ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Post navigation ရန်ကုန်မြို့တွင် တော်လှန်လူငယ်များ ၆၄ နှစ်ပြည့် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်အဖြစ် “၇.၇.၆၂ မမေ့ကြနဲ့” စာတမ်းပါ တီရှပ်များဝတ်ဆင်ကာ လှုပ်ရှားမှုပြုလုပ် MDY-PDF အနေဖြင့် တပ်တစ်ခုလုံး စွမ်းရည်မြှင့်တင်သည့် ၄ လတာ ပြန်လည်စုဖွဲ့လေ့ကျင့်မှု ပြီးဆုံး ပြီဖြစ်၍ စစ်ဆင်ရေးများ အပြည့်အဝ ဖော်ဆောင်တော့မည်