PSM(News)

ဇူလိုင် ၇၊ ၂၀၂၆

ရခိုင်နှင့် ဧရာဝတီတိုင်းအစပ် ရေကြည်မြို့နယ်အတွင်း အခြေစိုက်ထားသည့် အာဏာလုစစ်တပ်၏ ပွိုင့် ၂၂၇ စခန်း၏ ကာကင်းစခန်းကုန်း နှစ်ခုကို အာရက္ခတပ်တော် (AA) က ထပ်မံတိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ပြီးနောက် အဆိုပါစခန်းကုန်းများမှ ကစဉ့်ကလျား ထွက်ပြေးနေကြသော စစ်သားများကို လိုက်လံ ချေမှုန်းလျက်ရှိကြောင်း AA က ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရေကြည်မြို့နယ်ရှိ အာဏာလုစစ်အုပ်စုစစ်တပ် ပွိုင့် ၂၂၇ စခန်းကုန်း၏ အနောက်ဘက် ၁.၁ ကီလိုမီတာ ခန့်အကွာ၌ တပ်စွဲထားသော ပထမ ကာကင်းကုန်းနေရာကို ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့တွင် AA က သိမ်းပိုက်ရရှိခဲ့သည်။

ထို့နောက် ဇူလိုင် ၃ ရက်နေ့တွင် အဆိုပါ ပွိင့်ကုန်းမှ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်း ကုန်းဖြစ်သော တာဝါတိုင်စခန်းကုန်းကို AA က ဆက်လက်၍ တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။

ထိုသို့ သိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် အဆိုပါ ပွိင့်ကုန်းစခန်းများမှ ကစဉ့်ကလျား ထွက်ပြေးနေကြသော စစ်အုပ်စု တပ်ဖွဲ့ဝင်များကို AA က လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ ဇူလိုင် ၄ ရက်နေ့တွင် မိနစ်အနည်း ငယ်ကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် တပ်ဖွဲ့ဝင် အလောင်းအချို့တို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အာဏာလုစစ်အုပ်စုသည် ၎င်းတို့ ဆုံးရှုံးသွားသော စခန်းကုန်းများနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများအား ဂျက်ဖိုက်တာစစ်လေယာဉ်များဖြင့် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ရေကြည်မြို့နယ်ရှိ အာဏာလုစစ်အုပ်စုစစ်တပ်၏ ပွိင့် ၂၈၈၊ ပွိင့် ၁၈၈ နှင့် ပွိင့် ၁၄၈ ကုန်းများကို ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်၊ ၁၉ ရက်နှင့် ၂၁ ရက်နေ့များတွင် အာရက္ခတပ်တော်(AA) က ဆက်တိုက် သိမ်းပိုက်ရယူခဲ့ပြီးနောက်ပိုင်း အဆိုပါ ပတ်ဝန်းကျင်နယ်မြေများတွင် တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ပြင်းထန် နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာလုစစ်အုပ်စုသည် အခြားတစ်ဖက်တွင်လည်း ဆုံးရှုံးသွားသော ပွိင့်ကုန်းများကို ပြန်လည် ရရှိရန်အတွက် စစ်အင်အားများကို ထပ်မံဖြည့်တင်းကာ ထိုးစစ်များ ပြုလုပ်လာသော်လည်း AA ဘက်က စစ်အုပ်စုအတွက် အရေးပါသည့် ပွိင့် ၂၂၇ ၏ ကာကင်းစခန်းနှစ်ခုကို တန်ပြန်ထိုးစစ်ဆင်ကာ ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သေဆုံးမှုများစွာဖြင့် ပွိင့် ၂၂၇ ကုန်းသို့ ကစဉ့်ကလျား ထွက်ပြေးနေသော အာဏာလု စစ်အုပ်စု၏ တပ်မ (၆၆) လက် အောက်ခံ ခမရ-၁၀၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို AA က ဆက်လက်ချေမှုန်းနေကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed