PSM (NEWS)

ဇွန် ၇ ၊၊၂၀၂၆

ဩစတြေးလျနိုင်ငံ၊ အနောက်ပိုင်းကမ်းရိုးတန်းတွင် ငါးဖမ်းနေသည့် အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း စနေနေ့တွင် ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

၎င်းသည် လတ်တလော ဩစတြေးလျနိုင်ငံ၌ သုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တတိယမြောက် ငါးမန်းကိုက်သေဆုံးမှုဖြစ်သည်။

အသက် (၃၅) နှစ်အရွယ်ရှိ အဆိုပါအမျိုးသားသည် စနေနေ့နံနက်ပိုင်းက အယ်လ်ဘနီ မြို့အနီးရှိ မိုက်ကယ်မတ်စ်ကျွန်း အနီးတွင် မိသားစုဝင်များနှင့်အတူ ငါးမျှားတံဖြင့် ငါးဖမ်းနေစဉ် ငါးမန်းကိုက်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းကို ကမ်းခြေသို့ ပြန်လည်သယ်ဆောင်ကာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ကုသမှုပေးခဲ့သော်လည်း ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

အာဏာပိုင်များ၏ အဆိုအရ ၎င်းကို တိုက်ခိုက်ခဲ့သော ငါးမန်းမှာ အလျား (၄.၅) မီတာ (၁၄.၈ ပေ) ရှိပြီး မျိုးစိတ်ကို မသိရှိရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၂၄) ရက်ကလည်း ဩစတြေးလျနိုင်ငံ၊ ဂရိတ်ဘာရီယာသန္တာကျောက်တန်း တွင် ငါးဖမ်းနေသည့် အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံရ၍ သေဆုံးခဲ့သေးသည်။ ထိုမတိုင်မီ (၁၀) ရက်အလိုကလည်း ပါ့သ် မြို့အနီးရှိ ကျွန်းတစ်ကျွန်းတွင် အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံရပြီး သေဆုံးခဲ့သည်။

ထိန်းသိမ်းရေးအဖွဲ့များ၏ အချက်အလက်များအရ ဩစတြေးလျနိုင်ငံတွင် နှစ်စဉ် ငါးမန်းကိုက်ခံရမှု အကြိမ် (၂၀) ခန့်ရှိသော်လည်း အများစုမှာ အသက်အန္တရာယ် မရှိကြောင်း သိရသည်။ ထို့အပြင် ငါးမန်းကိုက်ခံရမှုထက် ကမ်းခြေများတွင် ရေနစ်သေဆုံးသူ အရေအတွက်မှာ ပိုမိုများပြားကြောင်းလည်း ဖော်ပြထားသည်။

ကိုးကား-Reuters

By Htet Ko

You missed