PSM (NEWS)

ဇွန် ၇၊၂၀၂၆

တောင်ပိုင်းလက်ဘနွန်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်စစ်တပ်မှ အရာရှိ (၂) ဦးနှင့် တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးသွားခဲ့ကြောင်း စနေနေ့တွင် လက်ဘနွန်စစ်တပ်က သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် ခြိမ်းခြောက်မှုရှိသည်ဟု ယူဆရသည့် ယာဉ်တစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဟစ်ဇ်ဘိုလာအဖွဲ့သည် ထိုနေရာမှတစ်ဆင့် အစ္စရေးတပ်များကို ပစ်ခတ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါယာဉ်အတွင်း လက်ဘနွန်စစ်တပ်မှ တပ်ဖွဲ့ဝင်များ ပါဝင်နေကြောင်းကိုမူ ပဏာမစစ်ဆေးချက်များအရ သိရှိရသည်။

လက်ဘနွန်စစ်တပ်၏ အဆိုအရ တိုက်ခိုက်မှုသည် ဘေရွတ်မြို့၏ တောင်ဘက် (၇၀) ကီလိုမီတာ (၄၄ မိုင်) အကွာရှိ ခါဒါလီ-နာဘာတီယာ လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကမူ ဤတိုက်ခိုက်မှုကို လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီး ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် ရန်လိုမှုအဖြစ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

လက်ဘနွန်သမ္မတ ဂျိုးဇက် အောင်ကလည်း အဆိုပါဖြစ်စဉ်သည် နိုင်ငံတကာဥပဒေနှင့် လက်ဘနွန်၏ အချုပ်အခြာအာဏာကို ဖောက်ဖျက်ခြင်းဖြစ်ပြီး တောင်ပိုင်းလက်ဘနွန်၏ တည်ငြိမ်မှုကို ထိခိုက်စေကြောင်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်စစ်တပ်သည် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့ကြား ဖြစ်ပွားနေသည့် လက်ရှိ ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ ကြားနေအနေအထားတွင် ရှိနေခဲ့သည်။

ကိုးကား- Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *