PSM(News)

မေ ၇၊၂၀၂၆

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် စက်သုံးဆီပြတ်လပ်မှုနှင့် အကျပ်အတည်းများအပေါ် ပြည်သူများနှင့်အတူ ထပ်တူရှိကြောင်း ပြသသည့်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးမှ ဒုတိယသံရုံးအကြီးအကဲက ရုံးတက်ရာတွင် စက်ဘီးစီး၍ ရုံးတက်နေပြီကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စု၏ စီမံခန့်ခွဲမှု အမှားများကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်ပြီး ဆီပြတ်လပ်မှုဒဏ်ကို ပြည်သူများ ပြင်းထန်စွာ ခံစားနေရသည်။

အဆိုပါ အခက်အခဲများကို ကိုယ်ချင်းစာသည့်အနေဖြင့် နယ်သာလန်သံရုံး ဒုတိယသံရုံးအကြီးအကဲ မစ္စတာ ဝင်းမ် ဗန်ဒွေါန်က စက်သုံးဆီ ချွေတာရေးနှင့် ပြည်သူများနှင့်အတူ ရုန်းကန်ရန်အတွက် စက်ဘီးစီးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဉ်းစားခဲ့ပေမဲ့ နေပူတာရယ်၊ ဘေးကင်းပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရယ်ကြောင့် မစီးဖြစ်ခဲ့ဘူး။ ဒါပေမဲ့ အခုကြုံနေရတဲ့ စက်သုံးဆီ အကျပ်အတည်းကြောင့် ပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်” ဟု မစ္စတာ ဝင်းမ် ဗန်ဒွေါန် က ဆိုသည်။

နယ်သာလန်နိုင်ငံတွင် စက်ဘီးနှင့် ရုံးတက်ခြင်းမှာ သာမန်ကိစ္စဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ စက်ဘီးနင်းသူများအတွက် သီးသန့်လမ်းမရှိခြင်းကြောင့် ဘေးကင်းစေရန် လမ်းသွယ်များကို အသုံးပြုကာ အိမ်မှ စောစောထွက်နေရကြောင်း သိရသည်။

“ကျွန်တော်လုပ်ပေးနိုင်တာလေးက မပြောပလောက်ဘူးဆိုပေမဲ့ စက်သုံးဆီ အခက်အခဲကြောင့် ရုန်းကန်နေရတဲ့ လူတွေနဲ့အတူ ရှိနေတယ်ဆိုတာကို ပြသနိုင်မယ်လို့ ယုံကြည်ပါတယ်။ စက်သုံးဆီ အသုံးလျှော့ချတဲ့ လုပ်ဆောင်ချက်လေးတွေ များလာရင် အကျိုးသက်ရောက်မှုကြီး ဖြစ်လာမှာပါ” ဟု နယ်သာလန် ဒုတိယသံအမတ် မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် စက်ဘီးနင်းသူများအတွက် သီးသန့်သတ်မှတ်ပေးထားသည့် လမ်းမရှိသဖြင့် ကားကြပ်သည့် လမ်းမကြီးများကို ရှောင်ရန် လမ်းသွယ်လေးများကိုသုံးရပြီး နေအိမ်မှ စောစောထွက်ရကြောင်းသိရသည်။

ဓာတ်ပုံ-နယ်သာလန်သံရုံး

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *