PSM (News)

မေ ၇ ၊ ၂၀၂၆

အာဏာလုစစ်အုပ်စုသည် ၎င်းတို့အပေါ် ချမှတ်ထားသည့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန်နှင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြံပေးနှင့်မိတ်ဆွေဟောင်း ရော်ဂျာစတုန်းကို ငှားရမ်းထားကြောင်း Justice For Myanmar (JFM) က ထုတ်ဖော်ထားသည်။

အာဏာလုစစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်အခြေစိုက် DCI Group တို့သည် အမေရိကန်ဒေါ်လာ ၃ သန်းတန် စာချုပ်ချုပ်ဆိုထားသည်ကို အမေရိကန်နိုင်ငံ နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်အက်ဥပဒေ (FARA) မှတ်တမ်းများအရ သိရကြောင်း JFM ကဆိုသည်။

အဆိုပါစာချုပ်အရ ရော်ဂျာစတုန်းသည် အာဏာလုအစိုးရအတွက် အကြံပေးအဖြစ် တာဝန်ယူရမည်ဖြစ်ပြီး ၎င်း၏ဝန်ဆောင်မှုအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ရရှိမည်ဖြစ်သည်။ရော်ဂျာစတုန်းသည် ယခင်က အမေရိကန်ကွန်ဂရက်၏ စုံစမ်းစစ်ဆေးမှုများတွင် မမှန်မကန်ထွက်ဆိုခြင်းနှင့် သက်သေများအား လွှမ်းမိုးခြင်းတို့ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရဖူးသူ ဖြစ်သည်။

“စစ်အုပ်စုရဲ့ ညစ်ညမ်းတဲ့ငွေတွေ လော်ဘီလုပ်ငန်းဆီ စီးဆင်းခွင့်ပြုမယ့်အစား၊ အမည် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဟာကွက်တွေကို နိုင်ငံတကာက အမြန်ဆုံး ပိတ်ပင်ဖို့ လိုအပ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

အာဏာလုစစ်အုပ်စုသည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် ဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းရေးကော်မရှင် (SSPC) အဖြစ် အမည်ပြောင်းလဲခဲ့သည်။

သို့သော် DCI Group နှင့် စာချုပ်ကိုမူ SAC အမည်ဖြင့် လည်ပတ်နေစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ကတည်းက ကြိုတင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း JFM က ထောက်ပြထားသည်။ ၎င်းသည် ဒဏ်ခတ်ပိတ်ဆို့မှု ဟာကွက်များကို အသုံးချရန် သိသာထင်ရှားသည့် ကြိုးပမ်းမှု ဖြစ်သည်။

စစ်အုပ်စုနှင့် DCI Group တို့၏ စာချုပ်တွင် သဘာဝသယံဇာတ၊ ကုန်သွယ်ရေးနှင့် “လူသားချင်းစာနာထောက်ထားမှုအကူအညီ” တို့ကို ဦးတည်၍ အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် ဖော်ပြထားသည်။

သို့သော် မြေပြင်တွင်မူ အာဏာလုစစ်အုပ်စုသည် သယံဇာတများကို အဓမ္မခေါင်းပုံဖြတ်နေပြီး လူသားချင်းစာနာမှု အကူအညီများကို လက်နက်သဖွယ် အသုံးပြုကာ ပြည်သူများအပေါ် အကြမ်း ဖက်မှုများကို ငွေကြေးထောက်ပံ့နေကြောင်း JFM က ထောက်ပြထားသည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ အမည်ပြောင်းလဲမှုဖြင့် နိုင်ငံတကာကို လှည့်စားရန် ကြိုးပမ်း နေကြောင်း၊ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနှင့် ဩစတြေးလျတို့အနေဖြင့် စစ်အုပ်စု၏ အမည်ပြောင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ခတ်ပိတ်ဆို့မှု ဟာကွက်များကို အမြန်ဆုံးပိတ်ပင်ရန်နှင့် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့လုပ်ဆောင်ရန်လိုကြောင်း မရတနာမောင်က တိုက်တွန်းထား သည်။

ဓာတ်ပုံ- Justice For Myanmar (JFM)

By Htet Ko

You missed