PSM(NEWS) မေ ၇၊၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူပြည်နယ်၊ လာပူးလာပူးမြို့တွင် မေလ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် အာဆီယံထိပ်သီအစည်းအဝေးသို့အခြားအဖွဲ့ဝင်နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ရန် အတည်ပြုခဲ့ကြသော်လည်း မြန်မာခေါင်းဆောင်ကိုမူ တက်ရောက်ခွင့်မပြုဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကိုသာ စေလွှတ်ရန် အာဆီယံက ဆုံးဖြတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) ၏ အာဆီယံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒါ့စ် အင်ပီရီရယ်လ်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ ”ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျွန်တော်တို့ ဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကြောင့် အမြဲတမ်းအတွင်းဝန် အဆင့်ကိုပဲ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။ ယခုနှစ် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းပခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ ထိခိုက်နေချိန်တွင် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ ဘွန်ဘွန် မားကို့စ် ၏ ညွှန်ကြားချက်အရ ပုံမှန်တစ်ပတ်ကြာကျင်းပသည့် အစည်းအဝေးများကို နှစ်ရက်အတွင်း အပြီးသတ်ကျင်းပရန် ဆုံးဖြတ်ခဲ့သဖြင့် အစိုးရအနေဖြင့် အသုံးစရိတ်များစွာ သက်သာစေခဲ့ကြောင်း သိရသည်။ ယခုထိပ်သီးအစည်းအဝေးတွင် စွမ်းအင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားဖွယ်ရှိသည်။ စင်ကာပူဝန်ကြီးချုပ်လောရန့်စ် ဝေါင်း၊ မလေးရှားဝန်ကြီးချုပ်အန်ဝါ အီဘရာဟင်မ် တို့လည်း တက်ရောက်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကလည်း အာဆီယံ၏ စည်းလုံးညီညွတ်မှုကို အလေးပေး တောင်းဆိုသွားမည်ဟု သိရသည်။ ကိုးကား:-Asia News Network Post navigation တနင်္သာရီတွင် အာဏာသိမ်းစစ်အုပ်စု ခမရ-၅၆၁ မှ တပ်သား ၂ ဦး လက်နက်များနှင့်အတူ KNLA ထံ ဘက်ပြောင်းခိုလှုံ အာဏာလုစစ်အုပ်စုနှင့် DCI Group တို့ ဆက်စပ်မှုရှိနေပြီး အမေရိကန် သမ္မတထရမ့်၏ အကြံပေး ဟောင်း ရော်ဂျာစတုန်းကိုပါ ငှားရမ်းထားခြင်းကို JFM ရှုတ်ချ