PSM (News) မေ ၇ ၊ ၂၀၂၆ တနင်္သာရီမြို့နယ်အတွင်း အခြေစိုက်သည့် အာဏာသိမ်းစစ်အုပ်စု၏ ခမရ-၅၆၁ တပ်ရင်းမှ တပ်သား နှစ် ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ ယနေ့ မေလ ၆ ရက်နေ့တွင် ဘက်ပြောင်းခိုလှုံလာကြောင်း သိရသည်။ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း လှုပ်ရှားနေသည့် အာဏာသိမ်းစစ်အုပ်စု လက် အောက်ခံ ခမရ-၅၆၁ တပ်ရင်းမှ တပ်သား နှစ် ဦးသည် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ ခိုလှုံလာခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားသည်။ အဆိုပါ တပ်သား နှစ် ဦးသည် KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၁) နှင့် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ လက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှင့်အတူ MA-1 သေနတ် တစ် လက်၊ MA-11 သေနတ် တစ် လက်၊ ကျည်ဆံ ၂၄၄ တောင့်နှင့် ကျည်ဘောက် ခုနစ်ခု ကို ယူဆောင်လာကြောင်း သိရသည်။ လက်ရှိတွင် အာဏာလုအစိုးရ လက်အောက်ခံ စစ်တပ်အတွင်းမှ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မဖမ်းဆီးခြင်းခံရသူများသည် တော်လှန်ရေးအဖွဲ့အစည်းများထံသို့ လက်နက်နှင့်တကွ ဘက်ပြောင်း ခိုလှုံလာကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်တိုက်တိုးပွားလျက်ရှိသည်။ ဓာတ်ပုံ-KNU ပုံစာ – KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံသို့ ဘက်ပြောင်းခိုလှုံလာသည့် တပ်သား နှစ် ဦး။ Post navigation ဒေါ်အောင်ဆန်စုကြည်နှင့်ASEANကိုယ်စားလှယ် တွေ့ဆုံခွင့်ပေးရန် ဖိလစ်ပိုင် တောင်းဆို မြန်မာခေါင်းဆောင်မပါဘဲ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည်