PSM(NEWS)

မတ် ၇ ၊ ၂၀၂၆

အရှေ့အလယ်ပိုင်း၌ စစ်ပွဲဖြစ်ပွားသည့် (၇) ရက်မြောက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မရှိပါက မည်သည့် ဆွေးနွေးမှုမှ ပြုလုပ်မည် မဟုတ်ကြောင်း အတိအလင်း ပြောကြားလိုက်သည်။

လက်ရှိတွင် အစ္စရေးနှင့် အမေရိကန်တပ်ဖွဲ့များက အီရန်၏ စစ်ရေးစွမ်းရည်နှင့် ခေါင်းဆောင်မှုများကို ပစ်မှတ်ထား၍ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။

အီရန်နိုင်ငံ လက်နက်ချပြီးနောက် “လက်ခံနိုင်လောက်သည့် ခေါင်းဆောင်ကောင်းများ”ကို ရွေးချယ်ပြီးမှသာ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက အီရန်ကို ပြန်လည် တည်ဆောက်ပေးမည်ဟု ထရမ့်က ဆိုရှယ်မီဒီယာမှတစ်ဆင့်ပြောကြားခဲ့သည်။

ထို့အပြင် ကွယ်လွန်သွားသော ခေါင်းဆောင် အာယတ်တိုလာ အလီခါမေနီ၏ နေရာတွင် အစားထိုးမည့်သူကို ရွေးချယ်ရာ၌ ၎င်းအနေဖြင့် ပါဝင်လိုကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

အစ္စရေးလေတပ်က တီဟီရန်နှင့် ဘေရွတ်မြို့များကို ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက် ပြုလုပ်နေပြီး အီရန်ဘက်ကလည်း အစ္စရေးအပြင် ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန် တပ်စခန်းများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် လက်တုံ့ပြန် တိုက်ခိုက်လျက်ရှိသည်။

စစ်ပွဲ (၇) ရက်အတွင်း အီရန်တွင် လူ ၁,၂၃၀ ကျော်၊ လက်ဘနွန်တွင် ၁၂၀ ကျော်၊ အစ္စရေးတွင်၁၂ဦးခန့် သေဆုံးခဲ့ပြီး အမေရိကန် တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်။

ကာတာနိုင်ငံ၏ အဓိက သဘာဝဓာတ်ငွေ့ရည်(LNG) စက်ရုံ တိုက်ခိုက်ခံရမှုကြောင့် စွမ်းအင်တင်ပို့မှုများ ရပ်တန့်နိုင်ပြီး ကမ္ဘာ့ရေနံဈေးနှုန်းများ စံချိန်တင်မြင့်တက်လာနိုင်ကြောင်း စွမ်းအင်ကျွမ်းကျင်သူများက သတိပေးထားသည်။

ကိုးကား Reuters

#အီရန်

#ဆွေးနွေးမှု

#ခြွင်းချက်မရှိ_လက်နက်ချ

#ဒေါ်နယ်ထရမ့်

#အတိအလင်း_ပြောကြား

#PSM_News

By Htet Ko