PSM(News)

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမှတ် (၃) တပ်ရင်း ပူးပေါင်းတည်ထောင်သည့် ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို စစ်ရေးအခြေအနေများကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်က ကြိုတင်ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တော်လှန်ရေး ၅ နှစ်တာကာလနှင့် တပ်ရင်းသက်တမ်း ၃ နှစ်အတွင်း အခက်အခဲပေါင်းစုံကို အံတုကျော်ဖြတ်ခဲ့ကြသည့် ရဲဘော်များ၊ လမ်းညွှန်ပံ့ပိုးပေးသည့် အထက် လူကြီးများနှင့် ရှေ့တန်းရိက္ခာ ကူညီထောက်ပံ့ပေးသော ပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်း တပ်ရင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထို့အပြင် တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြသည့် အာဇာနည်ရဲဘော်များကို အစဉ်အောက်မေ့သတိရနေမည်ဖြစ်ပြီး ၎င်းတို့ ချန်ထားခဲ့သည့် မပြီးပြတ်သေးသော တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း တပ်ရင်းရဲဘော်များက ကတိသစ္စာပြုခဲ့ကြသည်။

“မိမိတို့တပ်ရင်းအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိတဲ့အထိ ပြည်သူနဲ့ ရေနဲ့ငါးလို တစ်သားတည်း ပူးပေါင်းဆောင်ရွက်သွားမှာပါ။ တော်လှန်ရေးကို ရင်ဝယ်ပိုက်ပြီး အဆုံးထိ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်” ဟု ကလေးခရိုင် အမှတ် (၃) တပ်ရင်းက မိဘပြည်သူများထံ အသိပေး ထုတ်ပြန် ထားသည်။

တပ်ရင်းတည်ထောင်သည့် နှစ်ပတ်လည်နေ့မှာ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ဖြစ်သော်လည်း မြေပြင်စစ်ရေးနှင့် အခြေအနေအမျိုးမျိုးကြောင့် ကြိုတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကလေးခရိုင် အမှတ် (၃) တပ်ရင်း

#စစ်ကိုင်းတိုင်း

#ကလေးခရိုင်

#အမှတ်၃တပ်ရင်း

#၃နှစ်ပြည့်နှစ်ပတ်လည်

#တော်လှန်ရေး

#PSM_News

By Htet Ko