PSM(News)

ဖေဖော်ဝါရီ ၇ ရက်

မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တူတော်စပ်သူ၊ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းသည် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သားဖြစ်သူ ဒေါက်တာစိန်ဝင်းသည် ကွယ်လွန်ချိန်တွင် အသက် (၈၃) နှစ်ရှိပြီဖြစ်ပြီး ဘက်သက်စဒါ (Bethesda) မြို့ရှိ ဆပ်ဘာဘန် (Suburban) ဆေးရုံကြီးတွင် ယမန်နေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ ဒေါက်တာစိန်ဝင်းကို ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၌ အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းနှင့် ဒေါ်ခင်စောတို့မှ မွေးဖွားခဲ့သည်။

ဒေါက်တာစိန်ဝင်းသည် ပညာရေးပိုင်းတွင် ထူးချွန်သူတစ်ဦးဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်တက္ကသိုလ်မှ သင်္ချာဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိကာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုတက္ကသိုလ်နှင့် ကင်ညာနိုင်ငံ နိုင်ရိုဘီတက္ကသိုလ်တို့တွင် သင်္ချာကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရှင်တစ်ဦးဖြစ်သည်။

ဒေါက်တာစိန်ဝင်းသည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီ (NPD) ကိုယ်စားလှယ်အဖြစ် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

သို့သော်လည်း အာဏာလွှဲပေးခြင်းမရှိသည့် စစ်တပ်၏ ဖိနှိပ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် မာနယ်ပလော၌ အမျိုး သားညွန့်ပေါင်းအစိုးရ (NCGUB) ကို ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် များအပါအဝင် အင်အားစုအသီးသီး၏ ထောက်ခံမှုဖြင့် ဦးဆောင်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ပြည်ပရောက် တော်လှန်ရေးအစိုးရတစ်ရပ်ကို ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ဦးဆောင်ခဲ့ပြီး၊ နိုင်ငံတကာစင်မြင့်တွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ကုလသမဂ္ဂနှင့် ကမ္ဘာ့ အစိုးရများ၏ ထောက်ခံမှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့အပြင် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ကို စတင်တည်ထောင်နိုင်ရန် ကြိုးပမ်းခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် NCGUB ကို ဖျက်သိမ်းခဲ့သော်လည်း ဒေါက်တာစိန်ဝင်းသည် နိုင်ငံရေးမှ အနားယူ ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်တွင် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ကွယ်လွန်ချိန်အထိ လက်ရှိ နွေဦးတော်လှန်ရေး အင်အားစုများနှင့်အတူ တော်လှန်ရေးတာဝန်များကို တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်းအပေါ် မိသားစု၊ မိတ်ဆွေများနှင့်အတူ ထပ်တူထပ်မျှ အထူးပင် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

“ဒေါက်တာစိန်ဝင်း၏ နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) ကို လက်ကိုင်စွဲကာ အမှန်တရားဘက်မှ ရပ်တည်ခဲ့သည့် လုပ်ရပ်များသည် ယနေ့တော်လှန်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်များ ဖြစ်ခဲ့သည်”ဟု NUG ၏ သဝဏ်လွှာ တွင် ဖော်ပြထားသည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့ကလည်း ဒေါက်တာစိန်ဝင်း၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စီစီသွယ်၊ သမီး မလပြည်စိန်ဝင်းနှင့် သား မောင်လရောင်စိန်ဝင်းတို့ ကျန်ရစ်ခဲ့သည်။

ဓာတ်ပုံ-Zaw Win(လူမှုကွန်ရက်)

#ဗိုလ်ချုပ်အောင်ဆန်းတူ

#NCGUB

#ဝန်ကြီးချုပ်ဟောင်း

#ဒေါက်တာစိန်ဝင်း

#အမေရိကန်

#ကွယ်လွန်

#PSM_News

By Htet Ko