PSM(NEWS)
ဖေဖော်ဝါရီ ၇၊ ၂၀၂၆

မြန်မာစစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာစီရင်ပိုင်ခွင့်မူအရ တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည့် တီမောလက်စတေး နိုင်ငံ၏ လုပ်ဆောင်ချက်အပေါ် အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ချီးကျူးဂုဏ်ပြုလိုက်သည်။

တီမောလက်စတေးသည် ဒေသတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် အရေးပါပြီး ခိုင်မာသည့် အသံတစ်ခုဖြစ်ကြောင်း APHR က အသိအမှတ်ပြုထားသည်။

ကမ္ဘာ့အနုပျိုဆုံး ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ယခုကဲ့သို့ တရားဥပဒေစိုးမိုးရေးအပေါ် ကတိကဝတ်ပြုမှုသည် စစ်ကော်မရှင်နှင့် နိုင်ငံတကာအသိုက်အဝန်းထံသို့ ပြတ်သားသည့် သတင်းစကား ပေးပို့လိုက်ခြင်းပင် ဖြစ်သည်။

နေ့စဉ်နှင့်အမျှ စစ်အာဏာရှင်စနစ်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် အကြမ်းဖက်မှုများကြောင့် ပျက်စီးနေရသည့် တိုင်းပြည်တစ်ခုအတွက် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများနှင့်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပေါ် တာဝန်ခံမှုရှိစေရေးသည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဟု သတ်မှတ်၍မရနိုင်ကြောင်း ဖော်ပြထားသည်။

မြန်မာပြည်သူတို့၏ လွတ်မြောက်ရေးတိုက်ပွဲသည် ၂၀၀၂ ခုနှစ်တွင် အဆုံးသတ်ခဲ့သည့် အင်ဒိုနီးရှား၏ ၂၄ နှစ်ကြာ အကြမ်းဖက်ကျူးကျော်မှုကို တွန်းလှန်ခဲ့သော တီမောသားတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် များစွာကွာခြားမှုမရှိပေ။

တီမောလက်စတေး သည် ခက်ခဲစွာရယူခဲ့ရသည့် ၎င်းတို့၏ လွတ်လပ်ရေးနှင့် ဒီမိုကရေစီတန်ဖိုးများကို စောင့်သိလျက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံအားပေးရန် ယခုကဲ့သို့ အသံထွက် လုပ်ဆောင်လာခြင်းဖြစ်သည်။

အာဆီယံအနေဖြင့်လည်း ယင်းလုပ်ဆောင်ချက်အတိုင်း လိုက်နာရန်လိုအပ်ပြီး စစ်ကော်မရှင်၏ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် ဖိနှိပ်ချုပ်ချယ်သော အာဏာရှင်လက်အောက်မှ မြန်မာပြည်သူများ လွတ်မြောက်ရေးအတွက် ပိုမိုခိုင်မာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

တာဝန်ခံမှု၊ တာဝန်ယူမှုမရှိဘဲ မြန်မာနိုင်ငံတွင် တည်တံ့သော ငြိမ်းချမ်းရေး မရရှိနိုင်သကဲ့သို့ တရားမျှတမှုမရှိဘဲ ငြိမ်းချမ်းရေးသည်လည်း ဖြစ်ပေါ်လာနိုင်မည်မဟုတ်ကြောင်း APHR က အလေးပေး ပြောကြားထားသည်။

APHR ကို ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် အရှေ့တောင်အာရှတစ်လွှား ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်များတွင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၌ ထင်ရှားသော မှတ်တမ်းကောင်းများရှိသည့် ဒေသတွင်းမှလွှတ်တော်အမတ်များစွာ ပါဝင်သည်။

ကိုးကား APHR

#တီမောလက်စတေး
#မြန်မာစစ်ကော်မရှင်
#စစ်ရာဇဝတ်မှု
#တရားစွဲဆိုမှု
#APHR_ချီးကျူးဂုဏ်ပြု
#စစ်အာဏာရှင်စနစ်
#ဒီမိုကရေစီ_လူ့အခွင့်အရေး
#PSM_News

See less

By Htet Ko