PSM (News) ဩဂုတ် ၆၊ ၂၀၂၆ စစ်ကိုင်းနှင့် ရခိုင် စစ်မျက်နှာများတွင် အထိနာနေသည့် အာဏာလု စစ်အုပ်စုသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးမြို့ကို ဩဂုတ်လ ၄ ရက် ညပိုင်းတွင် ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ် အုပ်စုလိုက်သုံး၍ တစ်နာရီကျော်ကြာ ဗုံးအလုံးရေ ၃၀ ကျော် မရပ်မနား ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ အာဏာလု စစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၄ ရက် ည ၉ နာရီခန့်တွင် ဂျက်ဖိုက်တာ ခြောက် စင်း၊ Y-12 ထောက်ပံ့ရေးနှင့် ဗုံးကြဲလေယာဉ် နှစ် စင်း တို့ဖြင့် မြောက်ဦးမြို့ပေါ်ရှိ တပ်ရင်းဟောင်း များဖြစ်သော အမှတ်(၅၄၀)၊ အမှတ် (၃၁) ရဲတပ်ရင်းနယ်မြေနှင့် အနီးပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်၊ ရေဘေးရှောင် ပြည်သူများ စခန်းချရာနေရာများကို ည ၁၀ နာရီကျော်အထိ ဆက်တိုက် ဗုံးကြဲခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးနှင့် ရေဘေးရှောင် အပြစ်မဲ့ ပြည်သူ လေး ဦး ဒဏ်ရာများ ရရှိခဲ့ပြီး ဒေသခံများ၏ ကျွဲ၊ နွားများနှင့် လူနေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အာဏာလု စစ်အုပ်စုသည် မြေပြင်တိုက်ပွဲများတွင် AA ၏ တန်ပြန်ထိုးစစ်ကြောင့် စခန်းကုန်းများ လက်လွှတ်ရပြီး အထိနာသည့်အခါတိုင်း အရပ်သား ပြည်သူများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှ ဗုံးကြဲလေ့ရှိသည်။ ပြီးခဲ့သည့် ဩဂုတ် ၃ ရက် နံနက်ပိုင်းကလည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ လူနေရပ်ကွက်အတွင်းသို့ ဂျက်ဖိုက်တာ သုံးစင်း ၊ Y-12 လေယာဉ် တစ်စင်း တို့ဖြင့် အုပ်စုလိုက် လာရောက်ကာ ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း အာဏာလု စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု များကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သား ၂၁ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ရာသီဥတု မိုးသည်းထန်စွာ ရွာသွန်း နေသည့် ကာလဖြစ်သော်လည်း အာဏာလု စစ်တပ်၏ လေကြောင်းရန်ကို အထူးသတိထား သွားလာနေထိုင်ကြရန် AA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-AA Info Desk ပုံစာ-မြောက်ဦးမြိုအနီးပတ်ဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ပျက်စီးခဲ့သော လူနေအိမ်နှင့် အဆောက်အဦအချို့။ Post navigation အသက်အန္တရာယ် စိုးရိမ်ရပါက မြန်မာဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်မဟုတ် အာဏာလု သမ္မတ မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်ကို ထိုင်းနိုင်ငံသားများနှင့် မြန်မာရွှေ့ပြောင်း လုပ်သား များ UN ရုံးရှေ့တွင် ဆန္ဒပြ၊ ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စုနှင့် ဆက်ဆံရေးဖျက်ဆီးရန် တောင်းဆို