PSM (News) ဩဂုတ် ၆၊၂၀၂၆ မလေးရှားနိုင်ငံသည် ၎င်းတို့၏ အသက်အန္တရာယ် ထိခိုက်နိုင်ခြေရှိကြောင်း တွေ့ရှိရပါက မြန်မာနိုင်ငံသား ဒုက္ခသည် (၅,၀၀၀) ကို ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည် မဟုတ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး တာဝန်ရှိသူများက စီစဉ်ထားသော လွှဲပြောင်းမှုမတိုင်မီ ဒုက္ခသည်များကို စိစစ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြန်လည်ပို့ဆောင်မည့် ဒုက္ခသည် (၅,၀၀၀) မှာ ရိုဟင်ဂျာ လူမျိုးစု ဒုက္ခသည်များ ဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံအတွင်းရှိ ဒေသခံ လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ ရိုဟင်ဂျာ ဒုက္ခသည် ကျောင်းများ ပိတ်ပင်ခံခဲ့ရပြီး ရိုဟင်ဂျာ ကလေးငယ်အများအပြားမှာလည်း ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ဒုက္ခသည်အချို့မှာ ပီနန်ပြည်နယ်ရှိ ၎င်းတို့၏ နေအိမ်များမှ နှင်ထုတ်ခံခဲ့ရပြီး ကွာလာလမ်ပူမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် အကူအညီတောင်းခံရန် စုဝေးခဲ့ကြပြီးနောက် တာဝန်ရှိသူများက ခေတ္တထိန်းသိမ်းခဲ့ကြသည်။ နိုင်ငံခြားရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် ဒုက္ခသည် (၅,၀၀၀) ကို စိစစ်ဖော်ထုတ်ရန် အစီအစဉ်ကို လက်ရှိတွင် ပြန်လည်သုံးသပ်နေကြောင်း ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “တာဝန်ယူမှုရှိတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေ ညှဉ်းပန်းနှိပ်စက်ခံရဖို့ ဒါမှမဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရဖို့ ရှိနေမယ်ဆိုရင် မြန်မာဒုက္ခသည် (၅,၀၀၀) ကို ပြန်လည်ပို့ဆောင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ “အစိုးရအနေနဲ့ (အစီအစဉ်ကို) မဆောင်ရွက်မီ မြန်မာအစိုးရနဲ့ လေ့လာဆွေးနွေးရမယ့် ကိစ္စရပ်တွေ အများကြီးရှိပါတယ်” ဟု အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဖာဟ်မီက ထပ်လောင်းပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုကို ကြိုဆိုသော်လည်း အာဏာလု စစ်အုပ်စု တရားဝင်မှုရရေး အသုံးချခွင့်မပြုရန် NUG သတိပေး ရှေးဟောင်းမြို့တော် မြောက်ဦးကို အာဏာလု စစ်တပ်က ညအချိန် လေယာဉ်အုပ်စုလိုက်သုံး၍ ဗုံးအလုံး ၃၀ ကျော် ကြဲချ၊ စစ်ဘေးနှင့် ရေဘေးရှောင်များ ထိခိုက်ဒဏ်ရာရ