PSM(News)

ဇူလိုင် ၆ ၊ ၂၀၂၆

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားခဲ့သည့် အင်းတော်မြို့နယ်တစ်ခုလုံးနီးပါးကို အာဏာလုစစ်အုပ်စုစစ်တပ်က အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုးကာ ပြန်လည်ထိန်းချုပ်ထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ် အချို့ထံမှ သိရသည်။

အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်နှင့် ဇူလိုင်လပထမပတ်အတွင်း ကသာမြို့ မှတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မြို့ပေါ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ခံစစ်ပြင်ထား သည့် ကျေးရွာအများစုကို ပြန်လည်သိမ်းပိုက်သွားခြင်းဖြစ်သည်။

“မြို့ပေါ်နဲ့ တော်လှန်ရေးတပ်တွေ ခံစစ်ပြင်ထားတဲ့ ရွာအများစုကို စစ်တပ်ပြန်ရသွားတာ။ အင်းတော် မြို့အပါအဝင် မြို့နယ်ထဲမှာရှိတဲ့ ရွာအများစုကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်တာပါ” ဟု မြေပြင် စစ်ရေး သတင်းရင်းမြစ်က PSM ကိုပြောသည်။

အင်းတော်ဒေသစစ်ဆင်ရေးအတွင်း တိုက်ပွဲကြီး၊ ငယ် (၃၂) ကြိမ် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ခုနစ် လောင်းနှင့်အတူ လေယာဉ်ပစ်စက်သေနတ်အပါအဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း အာဏာလုစစ်အုပ်စု၏ လော်ဘီချန်နယ်များမှတစ်ဆင့်ယမန်နေ့ ဇူလိုင် ၅ ရက်နေ့တွင် ဖော်ပြထားသည်။

စစ်အုပ်စုသည် မြစ်ကြီးနား-ရွှေ‌ဘို ရထားလမ်းနှင့် ကားလမ်းပေါ်ရှိ မဲဇာနှင့် နန့်သဲကျေးရွာများအပြင် နတ်မဟုတ်လေး၊ နတ်မဟုတ်ကြီး၊ ဆည်ရွာ၊ လယ်နောင်နှင့် သံဘိုကျေးရွာတို့ကို သိမ်းပိုက်ရရှိခဲ့ ကြောင်း ဖော်ပြထားသည်။

အင်းတော်မြို့ကို NUG နှင့် ပူးပေါင်းတပ်ဖွဲ့များက ၈ လကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလတွင် အလုံးစုံစိုးမိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ၁ နှစ်ကျော်အကြာတွင် အာဏာလုစစ်အုပ်စုစစ်တပ်ဘက်က ယခုကဲ့သို့ နယ်မြေအများစုကို ပြန်လည်ကျူးကျော်နိုင်ခဲ့ခြင်းဖြစ်သည်။

အင်းတော်မြို့နယ်သည် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မြစ်ကြီးနား-ရွှေဘို လမ်းမကြီးပေါ်တွင် တတည်ရှိသဖြင့် အာဏာလုစစ်အုပ်စုအတွက် စစ်ရေးအရ လမ်းပန်းဆက်သွယ်ရေးနှင့် ရိက္ခာထောက်ပို့မှု လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် အရေးပါသော ဗျူဟာမြောက်နယ်မြေတစ်ခု ဖြစ်သည်။

ထို့ကြောင့် အာဏာလုစစ်အုပ်စုစစ်တပ်သည် အဆိုပါထောက်ပို့လမ်းကြောင်းကို အပြည့်အဝပြန်လည် စီးနင်းနိုင်ရေးအတွက် ကသာဘက်မှ အင်အားအလုံးအရင်း သုံးစွဲကာ စစ်ဆင်ရေးဖော်ဆောင်လာခြင်း ဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်အုပ်စုသည် ယခုအခါတွင် အင်းတော်ဒေသတစ်ခုလုံးကို အပြည့်အဝစိုးမိုးနိုင်ရေးအတွက် ကျေးရွာ များကို ဆက်လက်ထိုးစစ်ဆင်နေသဖြင့် နှစ်ဖက်တိုက်ပွဲများကြားတွင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းများအရ သိရသည်။

အင်းတော်မြို့နယ်ကို အာဏာလုစစ်အုပ်စုစစ်တပ်က ပြန်လည်စီးနင်းလိုက်ပြီဆိုသည့် အကြောင်းအရာ နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဓာတ်ပုံ-စစ်အုပ်စုလော်ဘီ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed