PSM (News)

ဇူလိုင် ၅၊ ၂၀၂၆

ရခိုင်နှင့် ဧရာဝတီတိုင်းအစပ် ရေကြည်မြို့နယ်အတွင်း အခြေစိုက်ထားသည့် အာဏာလုစစ်တပ်၏ ပွိင့် ၂၂၇ စခန်း၏ ကာကင်းစခန်းကုန်း နှစ်ခုကို အာရက္ခတပ်တော် (AA) က ထပ်မံတိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ကြောင်း AA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ အာဏာလုစစ်တပ်၏ ပွိင့် ၂၈၈၊ ပွိင့် ၁၈၈ နှင့် ပွိင့် ၁၄၈ ကုန်းများကို ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်၊ ၁၉ ရက်နှင့် ၂၁ ရက်နေ့များတွင် အာရက္ခတပ်တော်က ဆက်တိုက် သိမ်းပိုက်ရယူခဲ့ပြီးနောက်ပိုင်း အဆိုပါ ပတ်ဝန်းကျင်နယ်မြေများတွင် တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ပြင်းထန်နေခဲ့ခြင်းဖြစ်သည်။

အာဏာလုစစ်အုပ်စုသည် ဆုံးရှုံးသွားသော ပွိင့်ကုန်းများကို ပြန်လည်ရရှိရန်အတွက် စစ်အင်အားများကို ထပ်မံဖြည့်တင်းကာ ထိုးစစ်များကို မရပ်မနား ပြုလုပ်လာခဲ့သော်လည်း AA ဘက်က စစ်အုပ်စုအတွက် အရေးပါသည့် ပွိင့် ၂၂၇ ၏ ကာကင်းစခန်းနှစ်ခုကို တန်ပြန်ထိုးစစ်ဆင်ကာ ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

AA တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် ရေကြည်မြို့နယ်ရှိ အာဏာလုစစ်တပ် ပွိင့် ၂၂၇ စခန်းကုန်း၏ အနောက်ဘက် ၁.၁ ကီလိုမီတာခန့်အကွာ၌ တပ်စွဲထားသော ပထမကာကင်းကုန်း နေရာကိုလည်းကောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင် အဆိုပါ ပွိင့်ကုန်းမှ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယကာကင်းကုန်း ဖြစ်သော တာဝါတိုင်စခန်းကုန်းကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်ရယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကာကင်းစခန်းကုန်းသိမ်းတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အလောင်းအချို့နှင့် လက်နက် ခဲယမ်း အချို့ကိုပါ သိမ်းဆည်းရမိခဲ့ပြီး လက်ရှိတွင် သေဆုံးမှုများစွာဖြင့် ပွိင့် ၂၂၇ ကုန်းသို့ ကစဉ့်ကလျား ထွက်ပြေးနေသော တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို AA က လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။

စစ်အုပ်စုသည် အခြားတစ်ဖက်တွင်လည်း ရေကြည်ရှိ အမတ ၃၄၄ အမြောက်တပ်သို့ ပုသိမ်အခြေစိုက် တပ်ရင်းများမှတစ်ဆင့် ထပ်မံအင်အားဖြည့်တင်းနေသည့်နည်းတူ လေးမျက်နှာမြို့နယ်ဘက်တွင်လည်း အင်အားများ တိုးမြှင့်လျက်ရှိသည်။

ထို့ပြင် စစ်အင်အားအများအပြား သုံးစွဲ၍ ပုသိမ်-မုံရွာ လမ်းပိုင်းစိုးမိုးရေးကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လမ်းတစ်လျှောက်တွင် တပ်ဖြန့်နေရာယူခြင်းများကို ပြုလုပ်ထားသည်။

လက်ရှိတွင် အာဏာလုစစ်တပ်သည် မိမိတို့နှင့် စစ်ဆိုင်ထားသော နေရာများကို အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် အသေခံဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက်နေခြင်းတို့ကြောင့် ရခိုင်-ဧရာဝတီအစပ် စစ်ရေးအခြေအနေမှာ ဆက်လက် တင်းမာပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed