PSM (News)

ဇူလိုင် ၆ ရက်

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း တာ့ခ်၊ ရနောင်း၊ ကန်ချနဘူရီနှင့် ချင်းရိုင်း စသည့် ထိုင်း-မြန်မာနယ်စပ်ပြည်နယ်များမှတစ်ဆင့် မြန်မာနိုင်ငံသား ၆ သိန်း ၈ သောင်း ၇ ထောင်ခန့် (၇ သိန်းနီးပါး) ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းသို့ ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာသူများအနက် ၁၁ ရာခိုင်နှုန်းမှာ ရေရှည် နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ကြခြင်းဖြစ်ပြီး ၆ ရာခိုင်နှုန်းမှာ ပြည်တွင်းစစ်ပွဲ ပဋိပက္ခများနှင့် အာဏာလုစစ်အုပ်စု၏ မတရားစစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ကျန်ရှိသည့် ရာခိုင်နှုန်းအများစုမှာ စီးပွားရေးကျဆင်းမှုကြောင့် အလုပ်အကိုင်ရှာဖွေရန်၊ ကုန်သွယ်မှု ပြုလုပ်ရန်နှင့် မိသားစုထံ လာရောက်လည်ပတ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာလုစစ်အုပ်စုသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ဥပဒေအရ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ မတရားစစ်မှုထမ်းခိုင်းမည့် ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အတင်းအကျပ် စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ၂၀၂၅ ခုနှစ် မတ်လအတွင်းက ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ပြင်းအား မဂ္ဂနီကျု့ ၇.၇ အဆင့်ရှိ စစါကိုင်း ငလျင်ဒဏ်ကြောင့်လည်း မြန်မာပြည်သူများမှာ ထိုင်းနိုင်ငံဘက်သို့ ပိုမိုရွှေ့ပြောင်းလာခဲ့ ကြသည်။

IOM ၏ ကောက်ယူရရှိသည့် အချက်အလက်များအရ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသူ မြန်မာနိုင်ငံသား စုစုပေါင်း ၄.၆ သန်းခန့် ရှိနေပြီး ၎င်းတို့အနက် ၆၄ ရာခိုင်နှုန်းမှာ ထိုင်းအလုပ် အကိုင်ရှာဖွေရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားကာ ကျန် ၃၆ ရာခိုင်နှုန်းမှာ တရားဝင်အထောက်အထား ပြည့်စုံခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက ထွက်ပေါ်ခဲ့သော Happio ကုမ္ပဏီ၏ စျေးကွက်အစီရင်ခံစာများအရ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် တစ်နှစ်လျှင် ထိုင်းဘတ်ငွေ ၂၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆.၇၅ ဘီလီယံ) ကျော်အထိ သုံးစွဲနေကြသဖြင့် ထိုင်းစီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာစားသုံးသူများ၏ ယုံကြည်မှုရရှိရန် အလေးထားဆောင်ရွက်လာကြသည်။

အဆိုပါ ဘတ်ငွေ ၂၂၁ ဘီလီယံကျော်ရှိသည့် စျေးကွက်ပမာဏအတွင်း စားသောက်ကုန်နှင့် အဖျော် ယမကာ အတွက် ၁၇.၄ ရာခိုင်နှုန်း သုံးစွဲပြီး အိမ်လစာအပါအဝင် နေထိုင်စရိတ်အတွက် ၁၃.၈ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်အတွက် ၈ ရာခိုင်နှုန်းနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများအတွက် ၄.၄ ရာခိုင်နှုန်း အသီးသီး သုံးစွဲနေကြခြင်း ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာရသူများ၏ စားဝတ်နေရေး သုံးစွဲမှုဒေတာများသည် ထိုင်းနိုင်ငံ၏ ပြည်တွင်းအခြေခံစားသုံးကုန်စျေးကွက်နှင့် အိမ်ခြံမြေငှားရမ်းမှုကဏ္ဍတို့ကို အထောက်အကူပြုသည့်အပြင် ဒေသတွင်းစီးပွားရေး လည်ပတ် မှုအပေါ် သက်ရောက်မှုရှိနေကြောင်း စျေးကွက်လေ့လာသူများ၏ စစ်တမ်းများအရ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed