PSM (NEWS)

ဇွန် ၆၊ ၂၀၂၆

တောင်တရုတ်ပင်လယ်၏ မြောက်ဘက်စွန်းတွင် မဟာဗျူဟာမြောက် တည်ရှိသည့် ပရာတပ်စ်ကျွန်းစု အနီး၌ ထိုင်ဝမ်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များကြား တင်းမာမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ်အစိုးရက သောကြာနေ့တွင် ထုတ်ပြန်ပြောကြားသည်။ ယခုဖြစ်စဉ်သည် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းအား တရုတ်နိုင်ငံက ၎င်းတို့၏ နယ်မြေအဖြစ် ပိုင်ဆိုင်ကြောင်း ကြေညာထားသော်လည်း ထိုင်ပေအစိုးရက ယင်းအား ပယ်ချထားသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သော ၅ နှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီး စစ်ရေးအရ ဖိအားပေးမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ထိုင်ဝမ်တောင်ပိုင်းနှင့် ဟောင်ကောင်ကြားတွင် တည်ရှိသည့် ပရာတပ်စ်ကျွန်းစုသည် ထိုင်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ထိုင်ဝမ်ကျွန်းမကြီးနှင့် ကီလိုမီတာ ၄၀၀ ကျော် (မိုင် ၂၅၀) ဝေးကွာသဖြင့် တရုတ်တို့၏ တိုက်ခိုက်မှုအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း လုံခြုံရေးကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။

သောကြာနေ့နံနက်ပိုင်းတွင် တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စီးသည် ပရာတပ်စ်ကျွန်းအနီး ကန့်သတ်နယ်မြေအတွင်းသို့ ထိုင်ဝမ်သင်္ဘော၏ သတိပေးချက်များကို လျစ်လျူရှုလျက် အရှိန်မြှင့်ကာ အတင်းအဓမ္မ ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။ လက်ရှိတွင် သင်္ဘောနှစ်စီးမှာ ရင်ဆိုင်တုံ့ပြန်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အပြန်အလှန် စကားလုံးများဖြင့် ပြင်းထန်စွာ ဝေဖန်ပြောဆိုနေကြကြောင်း သိရသည်။

ပရာတပ်စ်ကျွန်းစုအနီးရှိ ရေပြင်တွင် တရုတ်နိုင်ငံက တရားစီရင်ပိုင်ခွင့်ရှိသည်ဟူသော မှားယွင်းသည့် အထင်အမြင်မျိုးကို ဖန်တီးရန် တရုတ်သင်္ဘောက ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ထောက်ပြသည်။

“ဒါဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ထိခိုက်စေရုံတင်မကဘဲ ဒေသတွင်းရေးရာကိစ္စတွေမှာ တရုတ်နိုင်ငံကို ပြဿနာရှာသူအဖြစ် ဖော်ဆောင်နေတာပါ” ဟု ထိုင်ဝမ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ထိုင်ဝမ်ရဲ့ ပင်လယ်ပြင် အချုပ်အခြာအာဏာကို ဘယ်သူမှ စိန်ခေါ်လို့မရပါဘူး။”

ပရာတပ်စ်ကျွန်းစုသည် ထိုင်ဝမ်၏ အမျိုးသားဥယျာဉ်တစ်ခု ဖြစ်သည့်အလျောက် စစ်တပ်အစား ကမ်းခြေစောင့်တပ်ဖွဲ့ကသာ တာဝန်ယူကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ဇန်နဝါရီလအတွင်းကလည်း တရုတ်၏ ထောက်လှမ်းရေးဒရုန်းတစ်စီး ပရာတပ်စ်ကျွန်းစုပေါ်မှ ဖြတ်သန်းပျံသန်းခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *