PSM (News) မေ ၆ ၊ ၂၀၂၆ အာဏာလုစစ်တပ်က မတရားဖမ်းဆီးထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကို နေပြည်တော်ထောင်မှ နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ယူကေနှင့် ဩစတြေး လျ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်လျက်ရှိသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်နေကြောင်း ခိုင်လုံသောအထောက် အထား (Proof of Life) ကို အမြန်ဆုံးအတည်ပြုပေးရန်နှင့် ချွင်းချက်မရှိ လွှတ်ပေးရန်ယူကေနှင့် ဩစတြေး လျသံရုံးများက ယနေ့ မေလ ၆ ရက်နေ့တွင် ထပ်မံတောင်းဆိုလိုက်သည်။ “ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့သည့် ကြေညာချက်ကို ပထမဆုံး ခြေလှမ်းတစ်ခုအဖြစ် ကြိုဆိုသော်လည်း ချွင်းချက်မရှိ လွှတ်ပေးရန် ဦးတည်သည့် လမ်းကြောင်း ဖြစ်ရမည်” ဟု ယူကေဝန်ကြီး Seema Malhotra (စီမာမလ်ဟိုးထရား) ဆိုသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေဆဲဖြစ်ကာ အခြေအနေမှန်ကို အမြန်ဆုံးအတည်ပြုချက်ရရှိရန် စောင့်မျှော်နေသလို၊ မတရားဖမ်းဆီးခံထားရသူအားလုံးကိုလည်း လွှတ် ပေးရန် တောင်းဆိုထားသည်။ ဩစတြေးလျသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်အား မိသားစု၊ ရှေ့နေများနှင့် ဆက်သွယ် ခွင့်ပြုရန်နှင့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် တောင်းဆိုထားသည်။ ထို့အပြင် အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် လူသားချင်းစာနာမှုအကူအညီများကို အဟန့်အတားမရှိ ပေးပို့ခွင့်ပြုရန် ထပ်လောင်းတောင်းဆိုခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်းကလည်း နိုင်ငံတကာ အစိုးရများနှင့် အမှီအခိုကင်းသော အဖွဲ့အစည်းများအနေဖြင့် မိခင် အသက်ရှင်သန်နေကြောင်း အထောက်အထားရရှိရေးအတွက် ဆက်လက်တောင်းဆိုပေးရန် တိုက်တွန်းထားသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အာဏာလုစစ်အုပ်စု၏ ယခုလုပ်ရပ်ကို လှည့်ကွက် တစ်ခုအဖြစ်သာ ရှုမြင်နေကြပြီး ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက် တောင်းဆိုလျက်ရှိသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Myanmar democracy icon Aung San Suu Kyi(R) and her son Kim Aris(L) pay respect to the late General Aung San, father of Aung San Suu Kyi at the Martyr’s Mausoleum Tuesday, July.12, 2011, in Yangon, Myanmar. (AP Photo/Stringer Pool) Post navigation ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ တွင် တော်လှန်ရေးအမြန်အောင်စေဖို့ NUG အစိုးရ ဆုတောင်း တော်လှန်အနုပညာရှင် သရုပ်ဆောင် ဒေါင်း ပါဝင်သည့် ထိုင်းရုပ်ရှင် ‘Omukade’ ကို Netflix တွင် ပြသတော့မည်