PSM(NEWS)

မေ ၆၊၂၀၂၆

ထိုင်းနိုင်ငံသည် နှစ်နိုင်ငံ နယ်နိမိတ် ထပ်နေသည့် ဒေသများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပူးတွဲရှာဖွေရေးအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် ချုပ်ဆိုထားသော သဘောတူညီချက်ကို အင်္ဂါနေ့တွင် တစ်ဖက်သတ် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

ထိုင်းအစိုးရအဖွဲ့၏ ဤဆုံးဖြတ်ချက်သည် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော နှစ်နိုင်ငံ လက်နက်ကိုင် ပဋိပက္ခနှစ်ကြိမ် ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခင်ကတည်းက မျှော်လင့်ထားခဲ့သည့် ကိစ္စတစ်ခုလည်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်းဗီရာကူလ်က “ဒီသဘောတူညီချက်ကို ပယ်ဖျက်တာဟာ နယ်စပ်ပဋိပက္ခနဲ့ မသက်ဆိုင်ပါဘူး။ နှစ် ၂၅ နှစ် ကြာတဲ့အထိ ဘာတိုးတက်မှုမှ မရှိတာကြောင့် ကျွန်တော့်ရဲ့ မူဝါဒအရ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ခြားရေးဝန်ကြီး ပရက်ခ် ဆိုခွန်ကမူ ထိုင်းနိုင်ငံ၏ ဤဆုံးဖြတ်ချက်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဖနွမ်းပင်အနေဖြင့် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေများဆိုင်ရာ သဘောတူစာချုပ် (UNCLOS) ၏ လုပ်ထုံးလုပ်နည်းများအရ အဖြေရှာရန် ရွေးချယ်စရာသာ ရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖွမ်ကက်ကီယိုက ဤရုပ်သိမ်းမှုသည် ဆွေးနွေးမှုများကို စွန့်လွှတ်ခြင်း မဟုတ်ဘဲ, ပိုမိုရှင်းလင်းသော မူဘောင်အသစ်တစ်ခုအောက်တွင် ဆက်လက်ဆွေးနွေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Reuters သတင်းဌာနအား ပြောကြားခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ အရှည် ၈၁၇ ကီလိုမီတာ (မိုင် ၅၀၀ ခန့်) ရှိသည့် နယ်စပ်တစ်လျှောက်တွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

You missed