PSM (NEWS)

မတ် ၆၊ ၂၀၂၆

အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောလိုင်းများကို ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကြောင့် ရေနံစိမ်း စီးဆင်းမှုများ ပြတ်တောက်လာပြီး ရေနံချက်စက်ရုံများ လည်ပတ်မှု လျှော့ချလာရသဖြင့် အာရှဒေသ၏ ရေနံချက်လုပ်မှု အမြတ်အစွန်းသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာကြောင်း စျေးကွက်အချက်အလက်များနှင့် လေ့လာဆန်းစစ်သူများက ပြောကြားသည်။

အမေရိကန်နှင့် အီရန်ကြား စစ်ရေးတင်းမာမှုများ၏ နောက်ဆက်တွဲ သက်ရောက်မှုကြောင့် ကမ္ဘာ့နေ့စဉ် ရေနံထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းကျော် ဖြတ်သန်းသည့် အဓိကရေလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားတွင် ကုန်သွယ်ရေးသယ်ယူပို့ဆောင်မှုများ ထိခိုက်လာခဲ့သည်။

ယင်းကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စျေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။

လန်ဒန် စတော့အိတ်ချိန်းအုပ်စု (LSEG) ၏ အချက်အလက်များအရ အာရှရေနံချက်လုပ်မှု အမြတ်အစွန်း၏ အညွှန်းတစ်ခုအဖြစ် သတ်မှတ်ထားသော စင်ကာပူ ရေနံချက်လုပ်မှု အမြတ်အစွန်းသည် ဗုဒ္ဓဟူးနေ့တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၀ နီးပါးအထိ မြင့်တက်သွားခဲ့သည်။

ယင်းမှာ ရေနံစိမ်း ထောက်ပံ့မှု ပြတ်လပ်လာနိုင်ခြင်းနှင့် စက်သုံးဆီ ထောက်ပံ့မှု ပိုမိုကျပ်တည်းလာနိုင်သည့် အခြေအနေများကြောင့် ဖြစ်သည်။

တစ်ချိန်တည်းတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့ကလည်း ဒေသတွင်း စက်သုံးဆီထောက်ပံ့မှု လျော့နည်းသွားစေနိုင်သည့် ပြည်ပတင်ပို့မှုအချို့ကို ရပ်ဆိုင်းထားကြောင်း သိရသည်။

အာရှဒေသတွင် ထုတ်ကုန်များအနက် လေယာဉ်ဆီနှင့် ဒီဇယ်ဆီတို့၏ အမြတ်အစွန်းများမှာ ထူးထူးခြားခြား မြင့်တက်ခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် လေယာဉ်ဆီအမြတ်အစွန်းသည် တစ်စည်လျှင် ဒေါ်လာ ၅၂ ကျော်အထိ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်လာသည်။ ယင်းသည် ပြီးခဲ့သည့် သောကြာနေ့ကထက် နှစ်ဆကျော် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

ထို့အပြင် ဒီဇယ်ဆီအမြတ်အစွန်းသည်လည်း တစ်စည်လျှင် ဒေါ်လာ ၄၈ ကျော်အထိ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လနောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်လာခဲ့သည်။

Sparta Commodities မှ ရေနံစျေးကွက် ကျွမ်းကျင်သူ ဂျွန်ဂိုက “ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေသည့် အရှေ့အလယ်ပိုင်း ရေနံစိမ်းများအပေါ် များစွာ မှီခိုနေသော ရေနံချက်စက်ရုံများအတွက် ကုန်ကြမ်းပြတ်လပ်နိုင်သည့် လက္ခဏာများ ဖြစ်လာနေသည်” ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ အခြားရင်းမြစ်များမှ ရေနံစိမ်းများ ရောက်ရှိလာရန် အနည်းဆုံး ၁ လမှ ၂ လခန့် ကြာမြင့်နိုင်သဖြင့် စက်ရုံများ လုံးဝရပ်ဆိုင်းသွားခြင်း မဖြစ်စေရန် လည်ပတ်မှုနှုန်းများကို လျှော့ချနေရကြောင်း ရှင်းပြသည်။

လက်ရှိတွင် အာရှရေနံချက်စက်ရုံများသည် အရေးပေါ် အစားထိုး ရေနံစိမ်းများ ရရှိနိုင်ရန် ကြိုးပမ်းနေရသည်။ တရုတ်နိုင်ငံရှိ ရေနံချက်စက်ရုံအချို့ လည်ပတ်မှု လျှော့ချနေပြီး အိန္ဒိယနိုင်ငံကလည်း အခြားနိုင်ငံများမှ ရေနံတင်သွင်းနိုင်ရန် ကြိုးစားနေသည်။

ထို့အပြင် ဓာတုဗေဒကုန်ကြမ်းဖြစ်သော နက်ဖ်သာ (Naphtha) နှင့် သင်္ဘောသုံးဆီ (Fuel Oil) များမှာလည်း အရှေ့အလယ်ပိုင်းမှ အဓိကတင်သွင်းရခြင်းဖြစ်ရာ ယခုအပတ်အတွင်း အာရှ၏ နက်ဖ်သာ အမြတ်အစွန်းသည် ၄ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

သင်္ဘောသုံးဆီ (High-sulphur fuel oil) အမြတ်အစွန်းမှာလည်း ဗုဒ္ဓဟူးနေ့တွင် တစ်စည်လျှင် ဒေါ်လာ ၈ နီးပါးအထိ မြင့်တက်ကာ စံချိန်တင်မြင့်တက်မှုတစ်ခု ဖြစ်လာခဲ့သည်။

ကမ္ဘာ့ရေနံကုမ္ပဏီကြီးများသည် လိုအပ်ချက်များကို ဖြည့်ဆည်းရန် အနောက်နိုင်ငံများမှ စက်သုံးဆီများကို သယ်ယူပို့ဆောင်နေရသည်။ Exxon Mobil ကုမ္ပဏီသည် ဩစတြေးလျရှိ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အမေရိကန် ပင်လယ်ကွေ့ကမ်းရိုးတန်းမှ စက်သုံးဆီများကို ယခုလအတွင်း တင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။

ကိုးကား – Reuters

#စက်သုံးဆီ

#အာရှရေနံ

#အမြတ်အစွန်း

#ရေနံတင်ပို့မှု

#ဟော်မုဇ်ရေလက်ကြား

#PSM_News

By Htet Ko