PSM (NEWS)

မတ် ၆၊ ၂၀၂၆

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းတစ်ခုအတွင်း တရုတ်နိုင်ငံသား အချုပ်သားများအတွက် တစ်လလျှင် ဘတ် ၂ သိန်းခန့် ပေးဆောင်ရသော “VIP အခန်း” များ စီစဉ်ပေးထားကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

ရာဇဝတ်မှုဖြစ်သူများ ကူညီစောင့်ရှောက်ရေးအသင်း (Crime Victims Assistance Club) ၏ ဥက္ကဋ္ဌ အစ္စရိယ ရောင်ရတနာပုန်း သည် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ သွားရောက်ကာ စုမ်ဖလူး လူဝင်မှုကြီးကြပ်ရေးရုံး အချုပ်ခန်းတွင် တာဝန်ထမ်းဆောင်နေသော အရာရှိများ၏ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးပေးရန် ရဲချုပ် ရဲဗိုလ်ချုပ်ကြီး ကစ်တီရတ် ဖန်ဖတ် ထံ သက်သေအထောက်အထားများ တင်ပြခဲ့သည်။

၎င်း၏ ပြောကြားချက်အရ စုမ်ဖလူး အချုပ်ခန်းအတွင်း ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသား အချုပ်သားများသည် လစဉ် လာဘ်ပေးနေရကြောင်း သတင်းရရှိထားသည်ဟု ဆိုသည်။

တင်ပြထားသည့် သက်သေများတွင် အချုပ်ခန်းအတွင်း စနစ်တကျ အကျိုးအမြတ် ရယူနေမှုများကို ဖော်ပြထားသည့် ဗီဒီယိုဖိုင်များနှင့် အသံဖိုင်များ ပါဝင်ပြီး ယင်းသက်သေများကို အဆိုပါအချုပ်ခန်းတွင် ယခင်က ထိန်းသိမ်းခံခဲ့ရဖူးသည့် တရုတ်နိုင်ငံသားတစ်ဦးက ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရိယ၏ ပြောကြားချက်အရ အဆိုပါအချုပ်ခန်းကို ကြီးကြပ်နေသော အဆင့်ဆင့်အရာရှိများသည် တရုတ်နိုင်ငံသားများထံမှ ငွေကြေးတောင်းခံမှုများတွင် ပါဝင်ပတ်သက်နေပြီး အထူးသဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်သူများကို ပစ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

စွပ်စွဲချက်များအရ အဂတိလိုက်စားမှု၏ အဓိကပုံစံတစ်ခုမှာ “VIP အချုပ်ခန်းများ” စီစဉ်ပေးခြင်းဖြစ်ပြီး စွပ်စွဲချက်များတွင် ငွေကြေးများ သက်သောင့်သက်သာနေလိုသူများအတွက် တစ်ဦးလျှင် တစ်လလျှင် ဘတ် ၂ သိန်းခန့်၊ ပြင်ပသို့ ဖုန်းဆက်သွယ်လိုပါက တစ်ကြိမ်လျှင် ဘတ် ၁,၀၀၀ မှ ၂,၀၀၀၊ ပြင်ပမှ အစားအသောက်နှင့် အချိုရည်များ မှာယူလိုပါက တစ်ကြိမ်လျှင် ဘတ် ၅,၀၀၀ ခန့်တို့ ပါဝင်ကောက်ခံကြောင်း သိရသည်။

ထို့အပြင် “အခန်းခေါင်းဆောင်” အဖြစ် ခန့်အပ်ခံထားရသည့် တရုတ်နိုင်ငံသား အချုပ်သားတစ်ဦးမှတစ်ဆင့် အခြားအချုပ်သားများထံမှ ငွေများ စုဆောင်းကာ လူဝင်မှုကြီးကြပ်ရေး ရဲအရာရှိများထံ လွှဲပြောင်းပေးရကြောင်းလည်း စွပ်စွဲထားသည်။

ယင်းလုပ်ငန်းစဉ်မှ တစ်လလျှင် ပျမ်းမျှ ဘတ် ၁၀ သန်းခန့် ဝင်ငွေ ရရှိနေပြီး တစ်နှစ်လျှင် ဘတ် ၁၀၀ သန်းကျော်အထိ ရှိနိုင်ကြောင်း၊ အဆိုပါလုပ်ငန်းစနစ်မှာ အနည်းဆုံး ၅ နှစ်ခန့် ဆက်လက်ရှိနေပြီဟုလည်း ယုံကြည်ကြောင်း အစ္စရိယက ပြောကြားခဲ့သည်။

ထို့အပြင် ရရှိထားသည့် သက်သေများနှင့် ထွက်ဆိုချက်များအရ လူဝင်မှုကြီးကြပ်ရေးဗျူရိုအတွင်းရှိ အဆင့်မြင့် အရာရှိကြီးများသည်လည်း အဆိုပါကိစ္စကို သိရှိနေခြင်း သို့မဟုတ် ကိုယ်တိုင် ပါဝင်ပတ်သက်နေခြင်းမျိုး ရှိနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ကိုးကား – Khaosod

#ထိုင်းလူဝင်မှုကြီးကြပ်ရေး

#အချုပ်ခန်း

#တရုတ်နိုင်ငံသား

#VIP_အခန်း

#စွပ်စွဲချက်

#PSM_News

By Htet Ko