PSM (News) မတ် ၆၊ ၂၀၂၆ ဗန်းမော်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ဒဏ်ရာရရှိထားသော စစ်ကော်မရှင် တပ်ရင်းမှူးအား လာရောက်ကယ်ထုတ်သည့် Mi-17 ရဟတ်ယာဉ်တစ်စင်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ရာ အဆိုပါ ရဟတ်ယာဉ်မှာ ရွှေကူမြို့ပြင်တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။ ယနေ့ မတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက တပ်ရင်းမှူးကို လာရောက်ကယ်တင်သည့် Mi-17 ရဟတ်ယာဉ်ကို KIA က ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့ပြီး ညာဘက်တောင်ပံနှင့် အမြီးပိုင်းရှိ ပန်ကာများ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရဟတ်ယာဉ်မှာ ရွှေကူမြို့ရှိ စစ်ကော်မရှင်တပ်စခန်းအတွင်းသို့ ဆင်းသက်နိုင်ခြင်းမရှိဘဲ မြို့ပြင်တွင်သာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး အကူ အညီများ အရေးတကြီး တောင်းခံနေရကြောင်း မြေပြင်သတင်း ရင်းမြစ်များက အတည်ပြုသည်။ “တပ်ရင်းမှူးကို လာကယ်တာပါ။ ပြန်အထွက်မှာ KIA က ပစ်လိုက်တာ။ အမြီးပိုင်းပန်ကာနဲ့ တောင်ပံ ထိသွားတော့ ရွှေကူထဲ မဆင်းနိုင်ဘဲ မြို့ပြင်မှာပဲ အရေးပေါ် ဆင်းလိုက်ရတယ်။ အခု အကူအညီတွေ လှမ်းတောင်းနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ လက်ရှိအချိန်တွင် အဆိုပါ ရဟတ်ယာဉ် လုံခြုံရေးနှင့် ကယ်ထုတ်နိုင်ရန်အတွက် မြစ်ကြီးနား လေတပ်စခန်းမှ Y-12 လေယာဉ်တစ်စင်း တက်ရောက်လာပြီး လေကြောင်းမှတစ်ဆင့် လုံခြုံရေး ယူပေးထားကြောင်း သိရသည်။ ဗန်းမော်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ လေကြောင်း ပစ်ကူများ ပိုမိုသုံးစွဲလာနိုင်သည့် အခြေအနေရှိနေသည်။ ပုံစာ- ၂၀၂၅ မေ ၂၀ ရက်နေ့က ဗန်းမော်တိုက်ပွဲကို စစ်ကူပိုရန်လာသည့် စစ်ရဟတ်ယာဉ်အား KIA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့၍ ရွှေကူမြို့နယ်အတွင်း ပျက်ကျခဲ့သည့်Mi-17 (ပုံဟောင်း) #ဗန်းမော်တိုက်ပွဲ #KIA #Mi_17ပစ်ချခံရ #ရွှေကူ #PSM_News Post navigation CDM သဘင်ပညာရှင်များ၏ “မြန်မာဇာတ်ပွဲကြည့်ကြရအောင်” အွန်လိုင်းရန်ပုံငွေပွဲ မတ်လ ၁၈ ရက်တွင် ပြသမည် ကောလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ