PSM (News) မတ် ၆ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ် ဦး သေဆုံးပြီး နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယမန့်နေ့ မတ်လ ၅ ရက်၊ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် မကွေးလေတပ်မှ တက်လာသော စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စီးသည် ကောလင်းမြို့နယ်၊ အရှေ့ဘက်ခြမ်း ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးရှိ ကချင်ကုန်းကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီအထိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲဖြစ်နေတာမျိုးတော့ မရှိဘူးဗျာ။ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘူး။ ဒီအတိုင်း တက်လာပြီး ပြန်သွားတာ။ ဗုံးတစ်လုံးက ကားလမ်းမကြီးပေါ်ကျပြီး ကျန်တဲ့ သုံးကြိမ်က ဘုန်းကြီးကျောင်းထဲကို ကျတာ။ အဲဒီမှာ အမျိုးသမီးနှစ်ဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ” ဟု ဒေသခံတစ်ဦးက PSM ကို ပြောသည်။ သေဆုံးသွားသူများမှာ အမျိုးသမီးများဖြစ်ပြီး အလောင်းမှာလည်း အပိုင်းအစများ ဖြစ်သည်အထိ ပြင်းထန်စွာ ထိမှန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း အတည်ပြုထားပြီး ပြည်သူများအနေဖြင့် လေယာဉ်လာချိန်တွင် ဘေးလွတ်ရာသို့ အမြန်ဆုံး ရှောင်တိမ်းကြရန် ထပ်ဆင့်နှိုးဆော်ထားသည်။ “စစ်ကော်မရှင်တပ်ရဲ့ အရပ်ဖက်-စစ်ဖက် ခွဲခြားခြင်းမရှိဘဲ ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ လုပ်ဆောင်နေချိန်မှာ လေယာဉ်လာရင် လုံခြုံတဲ့နေရာ၊ ဘေးလွတ်ရာ ရှောင်ဖို့ အထူးသတိချပ်သင့် ကြောင်း အကြံပြုနှိုးဆော်အပ်ပါသည်” ဟု ကောလင်း ပအဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကော်မရှင်တပ်သည် ကောလင်းမြို့နယ် အရှေ့ဖက်ခြမ်း ကျောက်တန်းကျေးရွာရှိ သစ်ဖုလ အထိုင်စခန်းကို ပြန်လည်ရယူနိုင်ရေး စစ်အင်အားအလုံးအရင်းနှင့် ပြန်လည်တိုက်ယူထားသည့်အပြင် အသေခံဒရုန်း၊ ထောက်ပို့ယာဉ်၊ဂျက်ဖိုက်တာများနှင့်ပါမကျန် အသုံးပြုကာ ခြေကုပ်ရယူထားသည်။ ဓာတ်ပုံ-CJ #PSM_News #ကောလင်းမြို့နယ် #လေကြောင်းတိုက်ခိုက်မှု #အရပ်သားထိခိုက်မှု #စစ်ရာဇဝတ်မှု Post navigation ဗန်းမော်တွင် တပ်ရင်းမှူးအား လာကယ်သည့် စစ်ကော်မရှင်၏ Mi-17 ရဟတ်ယာဉ်ကို KIA ပစ်ချနိုင်၊ အမြီးပိုင်းနှင့် တောင်ပံထိမှန်ကာ ရွှေကူမြို့ပြင်တွင် အရေးပေါ်ဆင်းသက်ရ ရန်ကုန်မြို့နယ်အချို့တွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့်သို့ ရောက်ရှိ၊ မရမ်းကုန်း၊ အလုံနှင့် ရွှေဂုံတိုင်တို့တွင် ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့် ဖြစ်နေ